ဝက်လက်၊ ဇန်နဝါရီ ၅၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းက ကျေးရွာတွေကို စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက စစ်ကြောင်းထိုးဝင်ရောက်နေပြီး ဒေသခံအမျိုးသမီး ၅ ဦးကိုလည်း အဓမ္မပြုကျင့်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဓမ္မပြုခံခဲ့ရသူတွေဟာ အသက် ၂၀ကျော်ကနေ ၃၀ ကျော်အရွယ်အမျိုးသမီး ၄ ဦးနဲ့ အသက် ၄၀ အရွယ် အမျိုးသမီး ၁ ဦးတို့ဖြစ်ပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက ဇန်နဝါရီ ၁ ရက်မှာဖမ်းဆီးပြီးနောက် သူတို့ တပ်စွဲထားတဲ့ ရွာသစ်ရွာကိုခေါ်ဆောင်ကာ အဓမ္မပြုခဲ့တာလို့ ဆိုပါတယ်။
“အဲဒီနေ့မှာပဲ သန္ဓေတားဆေးထိုးပြီး ပြန်လွှတ်ပေးလိုက်တာလို့ သိရတယ်။ အဲဒီအထဲက အမျိုးသမီး ၁ ယောက်က စိတ်မကျန်းမာရေးမကောင်းဘူး။”လို့ ဒေသခံတဦးက ပြောပါတယ်။

အဆိုပါ အမျိုးသမီး ၅ ဦးမှာ ဝက်လက်မြို့နယ် မင်းရွာတောင်ရွာက ၁ ဦးနဲ့ အင်ဒေါင်းရွာက ၄ ဦးဖြစ်ပြီး ဇန်နဝါရီ ၃ ရက်ညနေပိုင်းမှ ရွာသစ်ရွာစခန်းကနေ ပြန်လွတ်လာခဲ့ကြတယ်လို့ ဆိုပါတယ်။
တပ် ၃၃ လက်အောက်ခံ စစ်ကော်မရှင်တပ်ဖွဲ့ဝင်နဲ့ပျူစောထီး အင်အား ၁၅၀ ပါ အဲ့ဒီစစ်ကြောင်းဟာ ဒီဇင်ဘာလနောက်ဆုံးပတ်ကစလို့ မင်းကွန်းဒေသကနေ ဝက်လက်မြို့နယ်ထဲကို ဝင်ရောက်လာပြီးနောက် ရှိမ်းမကားရဲစခန်းက တပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းကာ စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ ဇန်နဝါရီ ၁ ရက်ကနေ ၃ ရက်အထိ ရွာသစ်ရွာမှာတပ်စွဲခဲ့ပြီး နေအိမ် ၄ လုံးကို မီးရှို့ခဲ့ကာ ဇန်နဝါရီ ၄ ရက်မှာတော့ ကမ်းဖြူရွာနဲ့ မှော်ဦးရွာတို့ကိုဝင်ရောက်ပြီးနောက် ဒီနေ့အထိ အဲ့ဒီရွာတွေထဲမှာရှိသေးတယ်လို့ သိရပါတယ်။
ဒီစစ်ကြောင်းကြောင့် ရွာသစ်၊ အင်ဒေါင်း၊ ရွာသာ၊ ကမ်းဖြူ၊ ငါးပတ်ချောင်း၊ မှော်ဦး၊ ရေလည်မော်ရွာက ဒေသခံသောင်းနဲ့ချီ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။
၂၀၂၃ သြဂုတ်၂၆ ရက်ကလည်း ဝက်လက်မြို့နယ် အနောက်ခြမ်း၊ ကျီးကန်ရွာက ကိုယ်ဝန် ၃ လရှိ မရွှေမန်းသူ ဆိုသူကို မိဘတွေရှေ့တင် တပ်မ ၃၃ တပ်ဖွဲ့ဝင်တွေပါတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက အုပ်စုဖွဲ့အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့ပါသေးတယ်။
သတင်း – မြတ်










