ဝက်လက်၊ ဇွန် ၂၈၊ ၂၀၂၅။
ဝက်လက်မြို့နယ် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် ကိုမြင့်မြတ်ဦး သတ်ဖြတ်ခံရမှု ၁ နှစ်ပြည့် ချီတက်အလေးပြုခြင်းအခမ်းအနားကို စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း ကျေးရွာ ၁ ရွာမှာပြုလုပ်ခဲ့တယ်လို့ ဝက်လက်မြို့နယ်ကျောင်သားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)ထံက သိရပါတယ်။
အသက် ၁၆ နှစ်အရွယ် ကိုမြင့်မြတ်ဦးဟာ ၂၀၂၄ ဇူလိုင် ၈ ရက်ညပိုင်းမှာ ဝက်လက်မြို့နယ်အတွင်း ကျေးရွာ၁ ရွာရဲ့ သင်္ချိုင်းအနီး အင်တာနက်အသုံးပြုနေစဥ် လူတစုရဲ့သတ်ဖြတ်မှုကိုခံခဲ့ရတာဖြစ်ပြီး ၎င်းကျဆုံးမှု ၁ နှစ်ပြည့်ကို မြန်မာသက္ကရာဇ်နှစ် ၁ နှစ်ပြည့်မြောက်တဲ့ ဇွန် ၂၇ ရက်မှာ ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။



“ ဇူလိုင်လ ၈ ရက်နေ့ညပိုင်းမှာ ရွာသုသာန်ဘေးက အင်တာနက်ရတဲ့ သစ်ပင်ပေါ်မှာ လိုင်းသွားသုံးတာပေါ့၊ အဲ့အချိန်မှာ ခန့်မှန်းခြေ ၃၊ ၄ ယောက်လောက်ဖြစ်မယ်ထင်တယ်၊ ကျနော်တို့ သံသယယူဆချက်အရတော့၊ အဲ့ဒီ ၃၊ ၄ ယောက်ကလည်လှီးပြီးသတ်သွားတာ” လို့ ကိုမြင့်မြတ်ဦး လုပ်ကြံခံခဲ့ရစဉ်က ဖြစ်စဉ်အကျဉ်းကို ဝက်လက်ဗကသဥက္ကဌက မြေလတ်အသံကို ပြောပါတယ်။
နှစ်ပတ်လည် ချီတက်အလေးပြုပွဲလုပ်ရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်လို့ “ ကျနော်တို့က ကျသွားတဲ့ ရဲဘော်ကို ကျနော်တို့စိတ်ထဲမှာ လုံးဝမမေ့ဘူးဆိုတာကို သက်သေပြလိုက်တာပဲ” လို့ ဝက်လက်ဗကသ ဥက္ကဌက ဆိုပါတယ်။



ကိုမြင့်မြတ်ဦးသတ်ဖြတ်ခံရခြင်း ၁ နှစ်ပြည့် အလေးပြုချီတက်ခြင်းအခမ်းအနားကို ဝက်လက်မြို့နယ် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်များအပါ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်အင်အား ၂၀ ဦးထက်မနည်းတက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ကိုမြင့်မြတ်ဦး သတ်ဖြတ်ခံရမှု ၁ နှစ်ပြည့်ပြီးချိန်မှာတော့ ကျူးလွန်သူတွေကို NUG ဝက်လက်မြို့နယ်တရားရေးဌာနက အရေးယူမှုတွေဆောင်ရွက်နေပြီး အမိန့်ချမှတ်တော့မယ်လို့ အထက်ပါဥက္ကဌထံက ပြောပါတယ်။


စာတည်း – ဟိန်းစံ