မုံရွာ၊ အောက်တိုဘာ ၁၈၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စီးပွားရေးတက္ကသိုလ်ကျောင်းထဲကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို အောက်တိုဘာ ၁၅ ရက် မနက် ၇ နာရီခွဲလောက်က မုံရွာ-ကျောက္ကာလမ်းပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဆီက သိရပါတယ်။
မုံရွာ စီးပွားရေးတက္ကသိုလ်ကနေထွက်လာတဲ့ သံပြားကာကား ၂ စီးနဲ့ အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကော်မရှင်စစ်ကြောင်းကို အောက်တိုဘာ ၁၅ ရက် မနက် ၇ နာရီခွဲလောက်က မုံရွာ-ကျောက္ကာလမ်းပိုင်း၊ ထနောင်းဝင်းရွာနဲ့ ကျောက္ကာရွာကြားမှာ ကြားဖြတ်ပစ်ခတ်ခဲ့တာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားချိန် ၁ နာရီဝန်းကျင်ကြာခဲ့တယ်လို့ ဆိုပါတယ်။
“ရန်သူစစ်ကြောင်း အနေနဲ့ကတော့ ထိခိုက်ဒဏ်ရာရတာ သေဆုံးတာတော့ ရှိမှာပ။ ကျနော်တို့ဘက်ကတော့ ထိခိုက်ဒဏ်ရာရတာ မရှိဘူးဗျ။ ဘာလို့ ရန်သူဘက်မှာ ထိခိုက်ဒဏ်ရာရတာနဲ့ သေဆုံးတာ ပြောနိုင်တာလဲလို့ဆိုရင် ကျနော်တို့ လမ်းပေါ်မှာ သွေးအိုင်တွေကို တွေ့လို့ဗျ။” လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ပြောပါတယ်။
ကျောက္ကာရွှေဂူနီဘုရားမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ကို ရိက္ခာသွားပို့တဲ့ အဆိုပါစစ်ကြောင်းဟာ မုံရွာ နမခ ထဲကလာတဲ့ သံပြားကာကား ၂ စီးအပါ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ Eco ကျောင်းထဲမှာ အထိုင်ချထားတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ ပူးပေါင်းစစ်ကြောင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေက သံပြားကာ ကား ၂ စီးကိုမတိုက်ခိုက်ခဲ့ဘဲ နောက်က ခြေလျင်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီ စစ်ကြောင်းဟာ တိုက်ခိုက်ခံရပြီးနောက် ကျောက္ကာရွာဘက်ကိုဆက်လက်ထွက်ခွာသွားပြီး အဲ့ဒီနေ့ ညနေမှာပဲ မုံရွာမြို့ထဲကိုပြန်ဝင်သွားတယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကို မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မုံရွာခရိုင် ပကဖ အထူးတိုက်ခိုက်ရေးအဖွဲ့-Danger Force၊ မုံရွာမြို့နယ် ပကဖ တိုက်နယ် ၂၊၃၊၄ ၊ မုံရွာမြို့နယ် ပလဖ၊ မုံရွာမြို့နယ် ပကဖ အထူးတိုက်ခိုက်ရေးအဖွဲ့ – Tribal Force၊ မုံရွာမြို့နယ် ပကဖ တိုက်ခိုက်ရေးအဖွဲ့ – မုံရွာ Special ဒိတ်ဒိတ်ကြဲ၊ တောကျွဲကြီး ပြောက်ကျားအဖွဲ့၊ Black Falcon LDF နှင့် ဒေသခံရပ်ကျေး ပကဖတွေက လုပ်ဆောင်ခဲ့တာပါ။
ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက်ကနေ ၁၁ ရက်အတွင်းမှာလည်း စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်းမှာ စစ်ကော်မရှင်စစ်ကြောင်းကို မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ၄ ရက်အကြာတိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်ဘက်က ၄၀ ကျော်သေဆုံးပြီး ၃၀ ဦးဒဏ်ရာရရှိခဲ့ပါသေးတယ်။
တည်းဖြတ် – M