လက်နက်ထုတ်လုပ်ရေးနားမလည်တဲ့ ဗိုလ်ချုပ်တွေကို ထုတ်ချုပ်ရာထူး ဘာကြောင့်ခန့်လဲ (ဆောင်းပါး)

0 75
0 75

မြေလတ်အသံ၊ ဖေဖော်ဝါရီ ၈၊ ၂၀၂၆။

လက်နက်ထုတ်လုပ်ရေးကပစတပ်များကိုကွပ်ကဲရသည့် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံး (DDI) ခေါ် ကကထုတ်သည် စစ်ကော်မရှင်တပ်အတွက် အရေးကြီးရုံးဌာနဖြစ်သလို ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ် (စစ်တပ်အခေါ် ထုတ်ချုပ်)အဖြစ် ခန့်အပ်မည့်သူအား စစ်ခေါင်းဆောင်အ ဆက်ဆက်က ဂရုတစိုက်ရွေးချယ်လေ့ရှိသည်။

စစ်ကော်မရှင်တပ်တွင် ရေတပ်၊ လေတပ်အပါအဝင် ဗိုလ်ချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးအဆင့် တိုင်းမှူး၊ ကစထမှူး၊ လက်ရုံးတပ်ညွှန်ကြားရေးမှူး၊ အရာရှိချုပ်၊ ဒုတိယအရာရှိချုပ် စသည့်ရာထူးနေရာများအား စစ်ခေါင်းဆောင်များက ရာထူးဖြုတ်၊ ထုတ်ပယ်၊ တိုးမြှင့်၊ ပြောင်းရွှေ့မှုများ မကြာခဏလုပ်ဆောင်လေ့ရှိသော်လည်း ထုတ်ချုပ်ရာထူးအား ပြောင်းလဲလေ့ သိပ်မရှိ။

စစ်တပ်၏ နံပါတ် ၃၊ ၄၊ ၅ ဖြစ်သည့် ဗိုလ်ချုပ်ကြီးအဆင့် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း/ရေ/လေ)၊ ရေတပ်ချုပ်နှင့် လေတပ်ချုပ်ရာထူးများကိုပင် စစ်ခေါင်းဆောင်များမှ ထင်သလို ပြောင်းလဲမှုတွေလုပ်ဆောင်ခဲ့ပေမယ့် ထုတ်ချုပ်ရာထူးမှာမူ တည်ငြိမ်သည်။

ကပစတပ်များကို ဖွဲ့စည်းပုံတိုးချဲ့ကာ တပ်အသစ်များစတင်တည်ဆောက်ခဲ့သည့် စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နအဖစစ်အစိုးရလက်ထက် ၂၀၀၀ ပြည့်နှစ်ဝန်းကျင်မှ လက်ရှိအထိ နှစ်ပေါင်း ၂၀ နှစ်ကျော်အတွင်း ထုတ်ချုပ်ရာထူးအား ဒုတိယဗိုလ်ချုပ်ကြီး ၃ ဦးသာ ပြောင်းလဲတာဝန်ယူခဲ့သည်။

ယင်းသက်တမ်းမှာ တပ်ချုပ်၊ ဒုတပ်ချုပ်ရာထူးများကို ဆယ်စုနှစ်နှင့်ချီရယူခဲ့သည့် ယခင်စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး၊ လက်ရှိ စစ်အာဏာသိမ်းခေါင်းဆောင် တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒုတပ်ချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း တို့ပြီးလျှင် ထုတ်ချုပ်ရာထူးသည် သက်တမ်းအရှည်ဆုံးဖြစ်သည်ဟု ဆိုနိုင်သည်။

စစ်တပ်တခုလုံး၏အသက်သွေးကြောတမျှအရေးကြီးပြီး ကာကွယ်ရေးဘတ်ဂျက်အများအပြားအသုံးပြုရသည့် ကပစတပ်များအားကွပ်ကဲရသည့်အတွက် စစ်ခေါင်းဆောင်အဆက်ဆက်က လက်နက်ထုတ်လုပ်ရေးတွင်ကျွမ်းကျင်သည့် ဗိုလ်ချုပ်များကိုသာ ထုတ်ချုပ်အဖြစ်ရွေးချယ်ခန့်အပ်လေ့ရှိသည်။

စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အာဏာလွှဲပြောင်းချိန် ထုတ်ချုပ်ဟောင်း ဒုတိယဗိုလ်ချုပ်ကြီး တင်အေး နေရာတွင် အစားထိုးတာဝန်ပေးခဲ့သည့် ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး သည် ဒုထုတ်ချုပ်မှထုတ်ချုပ်အဖြစ်ခန့်အပ်ခံရခြင်းဖြစ်ပြီး ၎င်းသည် လက်နက်ထုတ်လုပ်ရေးနှင့်နည်းပညာများတွင် ကျွမ်း ကျင်သူအဖြစ် ကပစတပ်အသိုင်းအဝိုင်းအတွင်း နာမည်ကြီးသည်။

သို့သော် စစ်ခေါင်းဆောင် မင်းအောင်လှိုင် လက်ထက်တွင် ထုတ်ချုပ်ရာထူးအား လက်နက်ထုတ်လုပ်ရေးကျွမ်းကျင်သည့် စစ်ဗိုလ်ချုပ်များထက် ၎င်းယုံကြည်စိတ်ချရသည့်၊ ၎င်းနှင့်အနီးကပ်ရှိသည့် လူယုံဗိုလ်ချုပ်များကို အစားထိုးခန့်အပ်နေခြင်းဖြစ်သည်။

လက်ရှိတွင် စစ်ခေါင်းဆောင်က ၎င်း၏ကိုယ်ရံတော်ဗိုလ်ချုပ်အဖြစ် အနီးကပ်တာဝန်ယူခဲ့သူ ဗိုလ်ချုပ် မိုးမြင့်ဆွေအား နှစ်ပေါင်း ၂၀ ကျော်အတွင်း ၄ ဦးမြောက်ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်(ထုတ်ချုပ်) အဖြစ် ခန့်အပ်လိုက်သည်။


■ ထုတ်ချုပ်ရာထူး ဘာတွေထူးခြားလဲ

စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက် ၂၀၀၁ တွင် ကပစတပ်အသစ်အများအပြားကို ရှေ့ဆင့်နောက်ဆင့်တည်ဆောက်ခဲ့ကာ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးညွှန်ကြားရေးမှူးရုံးမှ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံးအဖြစ် ဖွဲ့စည်းပုံတိုးချဲ့ခဲ့သည်။

ယင်းနောက်၂၀၀၄ ခုနှစ် စစ်ရုံးချုပ်ကို နေပြည်တော်သို့ ပြောင်းရွှေ့ချိန် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံး (Director Of Defense Industry – DDI) ခေါ် ကကထုတ်ရုံးသည် စစ်ကော်မရှင်တပ်၏ စစ်ရုံးချုပ် ရုံးအမှတ် ၁၁ ဖြစ်လာသည်။

ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံးသည် ကပစတပ်များ၏လက်နက်ထုတ်လုပ်ရေးလုပ်ငန်းများ၊ စက်ရုံ၊ လူနေအဆောက်အဦဆောက်လုပ်ရေးလုပ်ငန်းများအတွက် ငွေကြေးအများအပြားသုံးစွဲရပြီး စစ်ထောက်ချုပ်ရုံးပြီးလျှင် ကာကွယ်ရေးဘတ်ဂျက်ဒုတိယအများဆုံးသုံးစွဲသော တပ်ဖွဲ့ဖြစ်ကြောင်း စစ်ကော်မရှင်တပ်အသိုင်းအဝိုင်းထံက သိရသည်။

စစ်ကော်မရှင်တပ်၏ ထုတ်ချုပ်အဆက်ဆက်သည် မြန်မာနိုင်ငံရှိအရပ်သားပြည်သူများအား ဗုံးကြဲပစ်ခတ်သတ်ဖြတ်ရာတွင် လက်နက်ခဲယမ်းများအဓိကထုတ်လုပ်ပံ့ပိုးသည့်တပ်ဖွဲ့အဖြစ်သတ်မှတ်ပြီး အမေရိကန်နှင့် အနောက်ဥရောပနိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများခံထားရသည်။

ထုတ်ချုပ်ဟောင်းများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး တင်အေး၊ ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးနှင့် ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်း တို့ ၃ ဦးမှာလည်း အသီးသီးပိတ်ဆို့အရေးယူမှုများခံထားရခြင်း ဖြစ်သည်။


■ တိုင်းမှူးမဖြစ်ဖူးဘဲ ဒုတိယဗိုလ်ချုပ်ကြီးအဖြစ် တက်လှမ်းလာသူ မိုးမြင့်ဆွေ

လက်ရှိကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်(ထုတ်ချုပ်)အဖြစ်ခန့်အပ်ခံရသည့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ဆွေ သည် ၎င်း၏စစ်တပ်အရာရှိသက်တမ်းတလျှောက် လက်နက်ထုတ်လုပ်ရေးလုပ်ငန်းများနှင့် ဆက်စပ်ခြင်းမရှိခဲ့။

ဗိုလ်ချုပ် မိုးမြင့်ဆွေ သည် တေဇ ဟု အတိုကောက်ခေါ်ဆိုသည့် အလုပ်သင်ဗိုလ်(OTC)သင်တန်းအမှတ်စဥ် ၂၃ ဆင်း စစ်ဗိုလ်ချုပ်ဖြစ်ပြီး ထုတ်ချုပ်မဖြစ်မီက စစ်ခေါင်းဆောင်၏ကိုယ်ရံတော်(ဗိုလ်မှူးချုပ်)၊ ထိုမှတဆင့် စစ်ဘက်လက်ထောက်(ဗိုလ်ချုပ်) စသည့်ရာထူးများဖြင့် အနီးကပ်လူယုံအဖြစ် နှစ်ရှည်တာဝန်ယူခဲ့သူ ဖြစ်သည်။

စစ်ခေါင်းဆောင်၏ကိုယ်ရံတော်ဗိုလ်ချုပ်၊ စစ်ဘက်လက်ထောက်ရာထူးများသည် တပ်ချုပ် မင်းအောင်လှိုင် ၏ အနီးကပ်ကိုယ်ရေးကိုယ်တာကိစ္စများ၊ မိသားစုကိစ္စများအထိ လုပ်ဆောင်ပေးရသည့် ကိုယ်ရေးအရာရှိ (PSO) အကြီးစားဖြစ်ပြီး အထူးစိတ်ချယုံကြည်ရသူများကိုသာ ခန့်အပ်ခြင်းဖြစ်သည်။

စစ်ကော်မရှင်တပ်၌ ယခင်ကတည်းကပင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရရှိမည့်သူ စစ်ဗိုလ်ချုပ်အများစုမှာ တိုင်းစစ်ဌာနချုပ် ၁၄ ခုအနက် စစ်တိုင်းတခုခုတွင် တိုင်းမှူးအဖြစ်တာဝန်ယူခဲ့ဖူးသူဖြစ်ထားရမည်ဖြစ်ပြီး ၎င်းနောက်မှ စစ်ခေါင်းဆောင်များ၏ ထောက်ခံမှုဖြင့် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်များဖြစ်သည့် ကစထမှူး နှင့် အရာရှိချုပ် စသည့်ရာထူးများသို့ တက်လှမ်းနိုင်ကြခြင်း ဖြစ်သည်။

သို့သော် လက်ရှိ ဒုတိယဗိုလ်ချုပ်ကြီးများအနက် ဗိုလ်ချုပ် မိုးမြင့်ဆွေ တဦးသာ တိုင်းမှူးမလုပ်ခဲ့ဖူးဘဲ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရရှိကာ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရာထူးအထိ ခန့်အပ်ခံရမှုကို ကြည့်ခြင်းအားဖြင့် ဗိုလ်ချုပ် မိုးမြင့်ဆွေအပေါ် စစ်ခေါင်းဆောင်၏ ယုံကြည်မှုကို ခန့်မှန်းနိုင်သည်။


■ ကပစတပ်တွင်း လက်နက်ရောင်းစားမှု အရှုပ်တော်ပုံ

၂၀၁၈ နှစ်ကုန်ပိုင်းတွင်ဖြစ်ပွားခဲ့သည့် ကပစတပ်တွင်းထုတ်လက်နက်ငယ်များကို ကပစစစ်သားများမှ ဂိုဏ်းဖွဲ့ကာ ပြင်ပသို့ ရောင်းစားသည့် ဖြစ်စဥ်သည် ကပစတပ်ဖွဲ့တွင်းတွင်သာမက စစ်ကော်မရှင်တပ် အသိုင်းအဝိုင်းတွင် လှုပ်ခတ်မှု ကြီးမားခဲ့သည်။

လက်နက်ငယ်များအဓိက ထုတ်လုပ်သည့် ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့အခြေစိုက် ကပစ ၁၁ မှ MA 1, MA 2, MA 3 သေနတ်များကို အိန္ဒိယ-မြန်မာနယ်စပ်တလျှောက်စစ်ရေးလှုပ်ရှားသည့် လက်နက်ကိုင်တပ်ဖွဲ့တခုထံ ရောင်းစားခဲ့ကြခြင်းဖြစ်သည်။

ကပစ ၁၁ မှ လက်နက်ကိုင်တပ်ဖွဲ့တခုထံ လက်နက်ငယ်များရောင်းစားခံရမှုပေါ်ပေါက်ခဲ့သည့် အခြေအနေကို ကပစတပ်တွင်း ၂၅ နီးပါး တာဝန်ထမ်းဆောင်ခဲ့သူ စစ်သားဟောင်းတဦးက အခုလို ရှင်းပြသည်။

“ အဲ့ဒီကာလ တမူးနယ်စပ်မှာ ကသည်းတွေနဲ့နည်းနည်းထိတွေ့မှုဖြစ်တာကနေ ရှေ့တန်းတပ်တွေက လက်နက်ငယ် ၁ လက်ရ(သိမ်းနိုင်)ခဲ့တာ။ ရတဲ့သေနတ်က ကပစထုတ်ပုံစံဖြစ်နေတော့ အဲ့ဒီသေနတ် ဒင်နံပါတ်၊ ကိုယ်ထည်နံပါတ်တွေတိုက်ဆိုင်ပြီးစစ်လိုက်တော့ အဲ့ဒီသေနတ်နဲ့ နောက်ထပ် ဒင်နဲ့ကိုယ်ထည်နံပါတ်တူ နောက် ၁ လက်ရှိနေတာ ပေါ်လာတာ။ အဲ့ဒီကနေ ဆက်လိုက်တော့ ကပစ ၁၁ က ထုတ်တဲ့လက်နက်ငယ်တွေဖြစ်နေတာကနေ ရောင်းစားနေတာတွေ ပေါ်တော့တာ” ဟု ၎င်းက ဆိုသည်။

ယင်းကဲ့သို့ ကပစထုတ်လက်နက်ငယ်များရောင်းစားနေသည်မှာ ဖြစ်စဥ်ပေါ် ပေါက်ခဲ့သည့် ၂၀၁၈ အထိဆိုလျှင် ဆယ်စုနှစ် ၁ ခုနီးပါးကြာမြင့်ပြီဖြစ်သည်ဟု ကပစတပ်အသိုင်းအဝိုင်းက ဆိုသည်။

အဘယ်ကြောင့်ဆိုသော် ယင်းဖြစ်စဥ်နှင့်ပတ်သက်ပြီး ဖမ်းဆီးခံရသူများတွင် စစ်ကော်မရှင်တပ်မှ သက်ပြည့်ဖြင့်အငြိမ်းစား(ပင်စင်)ရယူပြီး အရပ်သားအဖြစ်ပြင်ပတွင်နေထိုင်နေသည့် ကပစစစ်သားဟောင်းများပင် ပါဝင်နေခြင်းဖြစ်သည်ဟု ကပစ ၁၁ တွင် ၁၀ နှစ်ထက်မနည်း တာဝန်ထမ်းဆောင်ခဲ့သည့် စစ်သားဟောင်းတဦးက ပြောသည်။

“ အဲ့ဒီကာလက ကပစ ၁၁ ထဲမှာ အကုန်လုံးညနေဆို အိမ်ထောင်သည်လိုင်းခန်းတွေမှာ တံခါးပိတ်ပြီး အကုန်ကြောက်လန့်နေကြတာ။ ၁ ယောက်ဖမ်းသွားပြီး သိပ်မကြာဘူး နောက် ၁ ယောက်လာဖမ်းတာ။ ဘယ်အိမ်ရှေ့ကားဖင်ထိုးပြီး ဝင်ဖမ်းမလဲ၊ ကားသံပဲ နားစွင့်နေရတာ။ ၁ ယောက်ချင်းဖော်ပြီး နည်းနည်းလေး ပတ်သက်တယ်ဆိုတာနဲ့ကို မရဘူး ၊ ရေဆုံးမြေဆုံးဖမ်းတဲ့သဘော” ဟု ၎င်းက ရှင်းပြသည်။

လက်နက်ရောင်းစားမှုဖြစ်စဥ်တွင် ပါဝင်ပတ်သက်သူများကို စစ်ကော်မရှင်တပ်၏ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)များမှ တိုက်ရိုက်ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်ပြီး မည်သည့်နေရာကို ခေါ်ဆောင်ဖမ်းဆီးသွားသည်ဆိုသည်ကိုလည်းမသိရကာ လက်ရှိကာလအထိပင် ဖမ်းဆီးခံရသူများ၏ သတင်းအစအန မရတော့ကြောင်း ကပစတပ်အသိုင်းအဝိုင်းက ဆိုသည်။

အဆိုပါလက်နက်ရောင်းစားမှုအား ကပစ ၁၁ မှ ဗိုလ်မှူးအဆင့်ရှိသူက ဦးဆောင်ပြီး လက်နက်ထုတ်လုပ်ရေးအလုပ်ရုံများမှ အရာရှိ၊အခြားအဆင့်အများအပြားမှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ထုတ်လုပ်ပြီးဖြစ်သည့်လက်နက်ငယ်များကို ပုံစံတူအပိုထုတ်လုပ်ကာ တမူးနယ်စပ်မှ လက်နက်ကိုင်များထံ ဆက်သွယ်ရောင်းချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ ကပစ ၁၁ က လက်နက်ငယ်နဲ့ကျည်ဆန် အဓိကပင်မထုတ်တဲ့စက်ရုံ။ နောက်ပြီးတော့ တခြားကပစတွေက လက်နက်ငယ်ထုတ်တဲ့စက်တွေပျက်ရင်တောင် ၁၁ မှာ လာပေါင်းထုတ်ရတာ။ ထုတ်လာတဲ့သေနတ်တွေ တိုင်းမှာ သူ့ ဒင်အမှတ်အသား၊ ကိုယ်ထည်အမှတ်အသား/နံပါတ်တွေပါတယ်။ ထုတ်ပြီးရင် လက်နက်ခဲယမ်းတွေကို အင်းတိုင်(မြို့)က ပင်မခဲယမ်းမီးကျောက်တပ်(COD) မှာ အပ်ရတာ။ ထုတ်ပြီးသားလက်နက်တွေကိုလည်း နှစ်စဥ် စာရင်းစစ်ခံရတယ်။ ဒီကြားထဲကနေ အဲ့လိုလုပ်ကြတာ။ ၁ ယောက်တည်းမဟုတ်ဘဲ Process အဆင့်ဆင့်ကို အဖွဲ့လိုက် ပေါင်းလုပ်တာဆိုတော့ လုပ်လို့လွယ်တာပေါ့” ဟု ကပစ ၁၁ စစ်သားဟောင်းက ရှင်းပြသည်။

အထက်ပါဖြစ်စဥ်များဖြစ်ပွားပြီးနောက် လက်နက်ရောင်းစားမှုတွင် ထိပ်ပိုင်းမှပါဝင်ခဲ့သည့် ကပစ ၁၁ မှ အရာရှိများနှင့်မိသားစုဝင်တချို့အား ၂၀၁၉ အတွင်း မျက်ကွယ်သေဒဏ်များအသီးသီးစီရင်လိုက်ပြီးဖြစ် ကြောင်း ကပစတပ်အတွင်း သတင်းများပေါ်ထွက်ခဲ့သော်လည်း မည်သူမှအတည်မပြုနိုင်သလို ယနေ့ထက်တိုင် သတင်းအစအနလည်းမရတော့ဟု ဆိုသည်။

ထို့အပြင် ကပစ ၁၁ မှ လက်နက်ငယ်များထုတ်ယူရောင်းချခဲ့သည့်ကာလများတွင် စက်ရုံမှူးအဖြစ်တာဝန်ယူခဲ့သည့် ဗိုလ်မှူးကြီး သန်းထွဋ်ဦး မှာ တာဝန်ရှိမှုဖြင့်ထောင်ဒဏ် ၃ နှစ် ကျခံခဲ့ရသည်။


■ မင်းအောင်လှိုင်၏ ရန်ငြိုး

၎င်းဖြစ်စဥ်များဖြစ်ပွားပြီးနောက် ၂၀၁၉ နှစ်လယ်ပိုင်းတွင် ကပစတပ်ဖွဲ့ထိပ်ပိုင်းအရာရှိကြီးများဖြစ်သည့် ဒုတိယကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်(ဟောင်း)ဗိုလ်ချုပ် ဆွေဝင်း အား စစ်ခေါင်းဆောင်မှ ရာထူးမှ ထုတ်ပယ်ခဲ့သည်။

ဗိုလ်သင်တန်းအပတ်စဥ် ၇၁ ဆင်း ဗိုလ်ချုပ် ဆွေဝင်း သည် ယင်းကာလက အနာဂတ်ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်(ထုတ်ချုပ်) ရာထူးအတွက် လျာထားခြင်းခံထားရသော်လည်း ၎င်းဖြစ်စဥ်ကြောင့် တာဝန်ရှိမှုဖြင့် ထုတ်ပယ်ခံခဲ့ရသည်။

ဒုတိယကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်(ဒုထုတ်ချုပ်) ရာထူးတွင် စစ်လက်နက်နှင့် အကြီးစားဆိုကာ ဗိုလ်ချုပ် ၂ ဦးမှ ပူးတွဲတာဝန်ယူထားခြင်းဖြစ်ပြီး၊ ဗိုလ်ချုပ် ဆွေဝင်း သည် ဒုထုတ်ချုပ်(စစ်လက်နက်) ဖြစ်ကာ ဗိုလ်ချုပ် ကိုကိုလွင် (လက်ရှိစွမ်းအင်ဝန်ကြီး)မှာ ဒုထုတ်ချုပ် (အကြီးစား) ဖြစ်သည်။

ဒုထုတ်ချုပ်(စစ်လက်နက်) သည် ကပစတပ်များအား တာဝန်ခံရပြီး ဒုထုတ်ချုပ်(အကြီးစား) သည် တပ်မတော်အကြီးစားစက်ရုံတပ်များအား တာဝန်ခံရခြင်းဖြစ်၍ ဗိုလ်ချုပ် ဆွေဝင်း မှာ တာဝန်ရှိမှုဖြင့် ထုတ်ပယ်ခံရ ခြင်းဖြစ်သည်ဟု ဆိုသည်။

“ ဗိုလ်ချုပ် ဆွေဝင်း ကိုလည်း နေပြည်တော်စစ်တိုင်းရုံးထဲမှာ အကျယ်ချုပ်ထားပြီး စစ်တာ။ ရောင်းစားခဲ့တဲ့ လက်နက်တွေကို အလက်ရေအတိအကျနဲ့ပြန်ရအောင် သူကိုယ်တိုင်သွားညှိနှိုင်းတာ ပြန်ရခဲ့တယ်လို့သိရတယ်။ ဒါပေမယ့် အမှုအားလုံးပြီးတဲ့အချိန်မှာ ထုတ်ပယ်ခံလိုက်ရတယ်” ဟု ယင်းကာလ နေပြည်တော်၊ ကကထုတ်ရုံးချုပ်တွင် တာဝန်ထမ်းဆောင်ခဲ့သူအရာရှိဟောင်းတဦးက ပြောသည်။

ထို့အပြင် ယခင်စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ယုံကြည်ရသူတဦးဖြစ်သည့် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်(ဟောင်း) ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့အကြား တင်းမာမှုတချို့ဖြစ်ခဲ့ပြီးနောက် သက်တော်ရှည် ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး အနားပေးခံခဲ့ရသည်ဟု ဆိုသည်။

“ ထုတ်ချုပ်ကြီးက မအလ ဆီကို ကိုဆွေဝင်း(ဒုထုတ်ချုပ်)ကိုတော့ ကျနော့်ကိုပြန်ပေးပါဆိုပြီး (ဖြုတ်မပစ်ဖို့) ပြောတယ်။ အဲ့ဒါနဲ့ သူတို့အခြေအတင်တွေဖြစ်ကြပြီး အဲ့ဒီနေ့ချင်းပဲ ထုတ်ချုပ်အသစ် ကံမြင့်သန်း ကို အစားထိုးလိုက်တာ။ ချက်ချင်းရုံးကနေ နေရာဖယ်ခိုင်းပြီး ဗိုလ်ချုပ်ကြီး သိန်းဌေးကို ယာယီထိန်းသိမ်းလိုက်တဲ့သဘော” ဟု ၎င်းက ဆိုသည်။

ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး နေရာတွင် လက်နက်ထုတ်လုပ်ရေးတပ်မဟုတ်သည့် ပြင်ဦးလွင်အခြေစိုက် တပ်မတော်သိပ္ပံနှင့်နည်းပညာသုတေသနဌာန တပ်မှူးအဖြစ် ဗိုလ်မှူးချုပ် အဆင့်သာရရှိသေးသူ ကံမြင့်သန်း အား တဆင့်ကျော် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်တိုးဖြင့် ထုတ်ချုပ်အသစ်အဖြစ် ချက်ချင်းအစား ထိုးခဲ့သည်။

ယင်းကာလတွင် ဗိုလ်ချုပ်ကြီး သိန်းဌေး အနားပေးခံရမှုနှင့်ပတ်သက်ပြီး သတင်းဌာနများ၏ မေးမြန်းချက်အား သတင်းမှန်ပြန်ကြားရေးခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက “ ဗိုလ်ချုပ်ကြီး သိန်းဌေး အနားပေးခံရခြင်း မရှိကြောင်း၊ ပညာရှင်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်နေကြောင်း” ဆိုကာ ငြင်းဆိုခဲ့ကြောင်း ဧရာဝတီသတင်းဌာနက ရေးသားခဲ့သည်။

သို့သော် ၂၀၂၅ ခုနှစ် ဧပြီလ၂၆ ရက်တွင်ပြုလုပ်ခဲ့သည့် ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့ ၇၅ နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားအခင်းအကျင်း မြင်ကွင်းများသည် စစ်ခေါင်းဆောင်နှင့် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း သိန်းဌေးတို့ အကြား တင်းမာမှုကို သက်သေခံနေသည်။

၎င်းအခမ်းအနားတွင် ဒုဗိုလ်ချုပ်ကြီး ကံမြင့်သန်းနှင့် တာဝန်ထမ်းဆောင်ဆဲ ကကထုတ်ရုံးချုပ်အရာရှိကြီးများအပါအဝင် ထုတ်ချုပ်ဟောင်း ဒုတိယဗိုလ်ချုပ်ကြီး တင်အေး၊ ဒုထုတ်ချုပ်ဟောင်း ဦးကိုကိုလွင် (လက်ရှိစွမ်းအင်ဝန်ကြီး)တို့အပြင် အငြိမ်းစားရယူသွားသည့် ကကထုတ်တပ်ဖွဲ့မှ စက်ရုံမှူးဟောင်းများနှင့် အရာရှိကြီးဟောင်းများအားလုံးနီးပါး တက်ရောက်ခဲ့သည်ကိုတွေ့ရသော်လည်း ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး အား အခမ်းအနားတွင် မတွေ့ရပေ။

ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး နေရာတွင် စစ်ခေါင်းဆောင်မှ ၎င်းယုံကြည်ရသည့် ပြင်ပမှ ဗိုလ်ချုပ် ၁ ဦးအားအစားထိုးကာ ကပစတပ်ဖွဲ့တခုလုံးကို တင်းကျပ်ခဲ့ခြင်းဖြစ်သည်ဟု အထက်ပါ ကပစတပ်တွင်း ၂၅ နှစ်နီးပါးတာဝန်ထမ်းဆောင်ခဲ့သူက ဆိုသည်။

“ ကံမြင့်သန်းရောက်လာပြီးကတည်းက ကကထုတ် က ပျက်တော့တာပဲ”

ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ကံမြင့်သန်း သည် ထုတ်ချုပ်အဖြစ် ၇ နှစ်ခန့် တာဝန်ယူခဲ့ပြီးနောက်ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ကြံ့ခိုင်ရေးပါတီကို ပြောင်းရွှေ့ခံရပြီးကာ မအူပင်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် စစ်ခေါင်းဆောင်က ရွေးကောက်ပွဲဝင်စေခဲ့သဖြင့် ၎င်းနေရာအား ဗိုလ်ချုပ် မိုးမြင့်ဆွေက ဆက်ခံခဲ့ခြင်း ဖြစ်သည်။

” အဓိက ကပစ ၁၁ ဖြစ်စဥ်မှာ ဒီလောက်အကြာကြီး ခိုးထုတ်နေတာကို သတင်းမရဘူးလား။ အောက်တပ်တွေကို မကြပ်(မကြပ်မတ်)လို့ ဒီလိုဖြစ်ရတာဆိုပြီး သူ့ကိုယ်စား ကြပ်ဖို့အတွက် ထုတ်ချုပ်ကို သူယုံကြည်ရတဲ့သူကို ခန့်တော့တာပဲ”

ကပစတပ်တွင်း လက်နက်ရောင်းစားသည့်ဖြစ်စဥ်များအပြီး စစ်ခေါင်းဆောင်က ကပစတပ်ဖွဲ့အားထိန်းချုပ်နိုင်ရေး ၎င်းယုံကြည်ရသူ ပြင်ပစစ်ဗိုလ်ချုပ်များဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး(ဟောင်း) ကံမြင့်သန်း၊ ၎င်းနောက် လက်ရှိထုတ်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ဆွေကို ခန့်အပ်ကာ ကပစတပ်များကို ဆက် လက်တင်းကျပ်စွာ ထိန်းချုပ်နေခြင်း ဖြစ်သည်ဟု အထက်ပါသတင်းရင်းမြစ်က ပြောသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် ၎င်းတပ်ချုပ်ရာထူးစတင်ရယူချိန်ကတည်းက ကပစတပ်များအား စည်းကမ်းလျော့ရဲသည့်တပ်များဟု သတ်မှတ်ကာ ကပစတပ်များအား အခြားတပ်ဖွဲ့များထက် ပိုမိုတင်းမာမှုရှိသည်ဟု ဆိုသည်။

” အရင်က ထုတ်ချုပ်တွေက ပညာရှင်တွေဆိုတော့ သူ(မင်းအောင်လှိုင်)သိပ်မပြောရဲဘူး။ ကံမြင့်သန်း ရောက်လာပြီးတော့ စပြီးအကြပ်ခံရတာ။ ခုနောက်ပိုင်းထုတ်ချုပ်တွေကတော့ သူ့ကို ဘယ်လှန်ရဲမလဲ။ မိုးမြင့်ဆွေမှ မဟုတ်ဘူး၊ ဘယ်သူ့ ခန့်ခန့် လက်ညိုးထောင် ခေါင်းငြိမ့်ပဲ လာမှာပဲ”

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။