myaelatt athan

Sharing Information to the Local

အုတ်ဖို၊ ကိုင်းကြီးတိုက်နယ်ဆေးရုံပိတ်ထားရပြီး ဆေးရုံ၀န်ထမ်းတွေ စစ်မှုထမ်းခေါ်ခံရတာကြောင့်ဟုဆို

မြေလတ်အသံ၊ ဇူလိုင် ၇၊ ၂၀၂၅။

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ကိုင်းကြီးတိုက်နယ်ဆေးရုံရှိ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ထမ်းတွေ စစ်သင်တန်းတက်ရောက်ဖို့ခေါ်ဆောင်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကိုင်းကြီးကျေးရွာရှိ ၂၅-ကုတင်ဆန့်ဆေးရုံက လက်ထောက်ဆရာဝန် ၁ ဦးနဲ့ ကျန်းမာရေး ဝန်ထမ်းအမျိုးသမီး ၃ ဦးတို့ကို ဇူလိုင် ၆ ရက်နေ့လယ်ပိုင်းမှာ အုတ်ဖိုမြို့နယ်ကျန်းမာရေးဦးစီးဌာနက ကား ၁ စီးနဲ့ ခေါ်ဆောင်သွားခဲ့တာလို့ဆိုပါတယ်။

“မနေ့က မြို့ကလာပြီး ဆရာမတွေကို အကုန်ပြန်ခေါ်သွားတယ်။ စစ်သင်တန်း တက်ဖို့လို့ပြောတယ်။ ကျန်းမာရေးဌာနကပဲ လာခေါ်တာ။ စကစ လာတာတော့မဟုတ်ဘူး။ စကစတွေလာရင် တိုက်ပွဲဖြစ်မှာမို့ မလာတာဖြစ်နိုင်တယ်။ အခုတော့ဆေးရုံကပိတ်ထားတယ်။ တံခါးတွေရော”လို့ မြေပြင်အခြေအနေကိုသိရှိထားတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးကပြန်ပြောပါတယ်။

အားလုံးကို အုတ်ဖိုမြို့ပေါ်ကိုခေါ်ဆောင်သွားတယ်လို့သာ သိရပြီး ဘယ်နေရာမှာထားရှိတယ်ဆိုတာ မသိရဘူးလို့ဆိုပါတယ်။

အဆိုပါဆေးရုံမှာ လူနာ ၁၀ ဦးကျော်လာရောက်ဆေးကုသနေတာတွေရှိပြီး ၎င်းလူနာတွေထဲမှ ပိုက်ဆံတတ်နိုင်ပြီးတော့ ဆက်လက်ကုသမှုခံယူရမယ့်လူနာတွေဆိုရင် မြို့ပေါ်ဆေးရုံကိုပြောင်းရွေ့သွားရကာ ပိုက်ဆံမတတ်နိုင်တဲ့လူနာတွေကတော့ နေအိမ်တွေကို ပြန်သွားခဲ့ရတယ်လို့သူက ဆိုပါတယ်။

ကိုင်းကြီးတိုက်နယ်ဆေးရုံကို အမှီပြုပြီး ကျန်းမာရေးစောင့်ရှောက်မှုခံယူနေရတဲ့ ကျေးရွာ ၁၀ ကျော်အနေနဲ့ အခုလိုဆေးရုံပိတ်လိုက်ရတာကြောင့် ကျန်းမာရေးနဲ့သက်ဆိုင်တဲ့ကိစ္စတွေမှာ အခက်အခဲစိန်ခေါ်မှုတွေဖြစ်သွားနိုင်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့၀င်က ပြောပါတယ်။

“တချို့တရက်လုပ်မှတရက်စားရတဲ့ ဒေသခံတွေအနေနဲ့ နာမကျန်းဖြစ်ပြီး ဆေးကုရတော့မယ်ဆိုရင် မြို့ပေါ်ထိသွားဖို့မတတ်နိုင်ဘူးလေ။ ဒီဆေးရုံရှိနေတော့ ဘာပဲဖြစ်ဖြစ် အနီးအနားမှာဆိုတော့ ဖြစ်သလိုကုသလို့ ရတယ်။မြို့ဆေးရုံသွားရင် အဓိကပိုက်ဆံက ရှိဖို့လိုတယ်”လို့ အထက်ပါတပ်ဖွဲ့၀င်က ပြောပါတယ်။

အုတ်ဖိုမြို့နဲ့ ၈ မိုင်ခန့်ဝေးတဲ့ ကိုင်းကြီးတိုက်နယ်ဆေးရုံကို ၂၀၁၅ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး ဆေးရုံမှာ လက်ထောက်ဆရာဝန် ၁ ဦး ဦးစီးပြီး နောက်ထပ်ကျန်းမာရေးဝန်ထမ်း ၄ ဦးနဲ့အတူ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတာလည်း ဖြစ်ပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။