myaelatt athan

Sharing Information to the Local

၅ လအတွင်း SNA နဲ့ စစ်ကောင်စီတပ်ဖွဲ့၀င် ၂၉ ဦး ဟုမ္မလင်း PDF ဆီဘက်ပြောင်းခိုလှုံ (ရုပ်/သံ)

မြေလတ်အသံ၊ ဇူလိုင် ၇၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့ တပ်ရင်းတွေဆီကို SNA တပ်သား ၂၆ ဦးနဲ့ စစ်ကောင်စီတပ်သား ၃ ဦးတို့ လက်နက်နဲ့အတူ ဘက်ပြောင်းခိုလှုံလာခဲ့တယ်လို့ ဟုမ္မလင်းမြို့နယ်ပကဖရဲ့ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အထက်ပါဘက်ပြောင်းလာသူ ၂၉ ဦးမှာ ဖေဖော်ဝါရီ၊ ဇွန်၊ ဇူလိုင်လတွေမှာ ဟုမ္မလင်းမြို့နယ် တော်လှန်ရေးအင်အားစု အဖွဲ့အစည်းတွေဖြစ်တဲ့ ခန္တီးခရိုင် အမှတ် ၁၊ ၂၊ ၃၊ ၄ တပ်ရင်းတွေနဲ့ ဟုမ္မလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တိုက်နယ် ၃ ပကဖ၊ တိုက်နယ် ၅ ပကဖတို့ဆီကို ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂ ရက်မှာ ရှမ်းနီအမျိုးသားတပ်မတော်-SNAရဲ့ ၇၅၃ တပ်ရင်းမှ တပ်သား ၉ ဦး လက်နက် ၆ လက်နဲ့အတူ ဟုမ္မလင်းမြို့နယ် တိုက်နယ် ၃ ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံချိတ်ဆက်ပြီး ဘက်ပြောင်းလာခဲ့တယ်လို့ ဖေဖော်ဝါရီ ၂၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဇွန် ၂၅ ရက်မှာလည်း မြို့နယ်ပကဖထံကို ရန်ကုန်ဂျိုးဖြူ အမှတ် ၁ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ကျိုင်းတောင်းမြို့ အမှတ် ၃ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းတွေက စစ်မှုထမ်းသင်တန်းဆင်း ၂ ဦး ဘက်ပြောင်းခိုလှုံခဲ့ပါတယ်။

ဒါ့အပြင် ဇူလိုင် ၁ ရက်မှာ ခန္တီးမြို့နယ်အခြေစိုက် ခလရ ၅၂ တပ်ရင်းမှ စစ်ကောင်စီတပ်သား ၁ ဦး ကလေးငယ်အပါအဝင် မိသားစု ၃ ဦးနဲ့အတူ ဟုမ္မလင်းမြို့နယ်ပကဖထံ လက်နက်နဲ့အတူ ဘက်ပြောင်းလာခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အလားတူ နောက်ထပ်လက်နက်နဲ့အတူဘက်ပြောင်းခိုလှုံလာတဲ့ SNA တပ်သား ၁၇ ဦးကို ဂုဏ်ပြုဆုငွေပေးအပ်ပွဲကိုလည်း ဟုမ္မလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)ရဲ့ ပင်လုံခန်းမမှာ ဇူလိုင် ၅ ရက်က ကျင်းပခဲ့ပါတယ်။

စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်နိုင်ဖို့အတွက် ကျန်နေသေးတဲ့ စစ်ကောင်စီတပ်နဲ့ SNA တပ်ဖွဲ့ဝင်တွေ အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသအတွင်းရှိ နီးစပ်ရာတပ်ရင်းတပ်ဖွဲ့တွေထံ ဆက်သွယ်နိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ၂၀၂၄ စစ်ရေးဖြစ်ပေါ် တိုးတက်မှုအခြေအနေ အစီရင်ခံစာအရ နိုင်ငံတဝန်းမှာ ၁ နှစ်တာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၂၅ ဦး၊ ရဲ ၁၄၂ ဦး ၊ စုစုပေါင်း ၅၆၇ ဦး ဘက်ပြောင်းခိုလှုံလာခဲ့တယ်လို့သိရပါတယ်။

စာတည်း – လင်း၊ တည်းဖြတ် – M

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။