myaelatt athan

Sharing Information to the Local

ရခိုင်ကလာတဲ့ ဒေသခံ ၄၆ ဦးကို ပြည်မှာဖမ်းပြီး စစ်မှုထမ်းသင်တန်းပို့

မြေလတ်အသံ၊ ဇွန် ၃၀၊ ၂၀၂၅။

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ကလာတဲ့ဒေသခံ ၄၆ ဦးကို ပဲခူးတိုင်း၊ ပြည်မြို့၊ နဝဒေးတံတားဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကဖမ်းဆီးပြီးနောက် စစ်သင်တန်းပို့နေတယ်လို့ အဖမ်းခံရသူတွေရဲ့မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဇွန် ၂၅ ရက်မှာ အမျိုးသား၊ အမျိုးသမီး ၂၀ ဦး ဇွန် ၂၇ ရက်မှာ အသက် ၁၆ နှစ်ကနေ ၃၀ နှစ်ကြားရှိအမျိုးသား၊ အမျိုးသမီး ၃၀ ဦးကိုဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

“နောက်ဆုံးအဖြတ် (ဇွန် ၂၇ ရက်နေ့က အဖမ်းခံရသူတွေ)ရဲ့ ရှေ့ကအဖွဲ့ (ဇွန် ၂၅ ရက်နေ့က အဖမ်းခံရသူတွေ)ဟာ စစ်သင်တန်းပို့လိုက်ပြီလို့သိရတယ်။ ဘယ်နေ့ပို့တယ်ဆိုတာ မသိရဘူး။ အရေအတွက်လည်း မသိရသေးဘူး”လို့ အဖမ်းခံတောင်ကုတ်ဒေသခံတွေနဲ့ နီးစပ်သူအမျိုးသားတဦးက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေကို ပြည်မြို့အခြေစိုက် အမှတ် ၉၅၉ အလုပ်ရုံတပ်ခွဲ(လျှပ်/စက်) (လလစ ၉၅၉) တပ်ရင်းမှာထားရှိပြီး အဲ့ဒီကနေစစ်သင်တန်းပို့နေတာလို့ ဆိုပါတယ်။

၂၇ ရက်နေ့ဖမ်းဆီးခံရသူတွေထဲက အသက် ၄၀ နဲ့ ၅၀ ကြားရှိအမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၃ ဦးတို့ကိုတော့ ၁ ဦးကို သိန်း ၅၀ ကျပ်တောင်းပြီး ပြန်လွှတ်ခဲ့တာကြောင့် ကျန်ရှိတဲ့ ၄၆ ဦးမှာ ဖမ်းဆီး၊ စစ်မှုထမ်းပို့ခံနေရတာလို့ သိရပါတယ်။

“ပိုက်ဆံပေးပြီးလွတ်တဲ့ ၄ ယောက်က အသက်ကြီးဖြစ်လို့ လွတ်တာထင်တယ်။ အခုတော့ သူတို့ ၄ ယောက်စလုံး ရန်ကုန်ကိုရောက်သွားပါပြီ”လို့ သူကပြောပါတယ်။

အထက်ပါဖမ်းဆီးခံထားရသူတွေထဲမှာ တောင်ကုတ်မြို့နယ်ထဲက တန်းလွဲချောင်း၊ လက်ပန်ကျွန်း၊ သက္ကေကျွန်းကပြည်သူတွေပါဝင်ပြီး ရန်ကုန်မြို့ကိုသွားဖို့ ဇွန် ၁၆ ရက်နဲ့ ၁၈ ရက်ကစကာ လမ်းလျှောက်ခရီးထွက်လာကြကာ ပြည်မြို့ရောက်ရှိဖို့ လမ်းမှာ ၈ ည အိပ်ခဲ့ကြရတယ်လို့ သူက ဆိုပါတယ်။

ပြည်မြို့မှာနေထိုင်တဲ့ တောင်ကုတ်မြို့နယ်ဇာတိ အမျိုးသား ၁ ဦးက အထက်ပါဒေသခံတွေကို ၁ ဦးလျှင် ၁၈ သိန်းစီတောင်းပြီး လမ်းပြအဖြစ်ခေါ်ဆောင်ကာ ပြည်မြို့မှာနေထိုင်တဲ့ တောင်ကုတ်မြို့ခံ အမျိုးသမီး ၂ ဆီကိုပို့ပေးဆောင်ပေးနေတာလို့ ဆိုပါတယ်။

“ကျနော်သိထားတာက ညီညီကလမ်းပြ။ စန်းစန်းမူနဲ့ နန္ဒာမြင့်နိုင်က ပွဲစားပေါ့။ သူတို့က ၃ ယောက် ပေါင်းပြီးပို့နေတာ။ ပွဲစားဆိုသူ ၂ ယောက်က ပြည်မှာနေပြီးတော့ စကစတွေနဲ့ပေါင်းပြီး လုပ်စား(လူပို့)နေတာ ။ အခုအဖမ်းခံရတယ်ဆိုတာက ရန်ကုန်ကိုသွားတဲ့လူတွေဆီကနေ ငွေထပ်ပြီး ညှစ်ချင်လို့ သပ်သပ်ကိုဖမ်းခိုင်းထားတဲ့သဘော။ ပိုက်ဆံပေးပြီးပြန်လာရွေးပေါ့။ အဲ့လိုသဘော “လို့ သူကဆိုပါတယ်။

အာရက္ခတပ်တော်(AA)သိမ်းပိုက်အုပ်ချုပ်ထားတဲ့ ရခိုင်ပြည်နယ်ထဲကမြို့နယ်တွေမှာ အမျိုးသားဆိုရင် အသက် ၁၈ မှ ၄၅ နှစ်၊ အမျိုးသမီးဆိုရင် အသက် ၁၈ မှ ၂၅ နှစ် အထိ အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ် ပြဋ္ဌာန်းချက် (NDEP) အရ ၂ နှစ်စစ်မှုထမ်းရမှာဖြစ်တာကြောင့် လူငယ်၊ လူရွယ်တွေကို ရခိုင်ပြင်ပသို့ ထွက်ခွာခွင့်ပိတ်ပင်ထားပါတယ်။

ကျိုးကြောင်းဆီလျော်မှုမရှိတဲ့ အကြောင်းပြချက်တွေနဲ့ ရခိုင်မှ နေရပ်စွန့်ခွာလိုသူတွေ၊ NDEP အရ စစ်မှုထမ်းရန်အကျုံးဝင်ပြီး စစ်မှုမထမ်းလို၍ ရခိုင်ပြည်ပြင်ပကို ထွက်ပြေးရန် ကြိုးပမ်းနေသူတွေကို သွားလာခွင့်မပြုဘဲ တည်ငြိမ်တဲ့ စစ်ရေးအခြေအနေတခုကို ရောက်ရှိတဲ့အထိ တားမြစ်လိုက်ကြောင်း မေ ၂၂ ရက်မှာ AA ကထုတ်ပြန်ခဲ့ပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။