myaelatt athan

Sharing Information to the Local

အခမဲ့ဆေးရုံကိစ္စနဲ့ဖမ်းခံထားရတဲ့ဆရာတော် ၅ ရက်ကြာတဲ့အထိ ပြန်မလွတ်သေး

စစ်ကိုင်း၊ ဇန်နဝါရီ ၂၇၊ ၂၀၂၃။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကူတိုးကုန်းရပ်ကွက် ရွှေတောင်မေတ္တာ အခမဲ့ဆေးရုံကိစ္စနဲ့ဖမ်းခံထားရတဲ့ ဆရာတော် ၅ ရက်ကြာတဲ့အထိ ပြန်မလွတ်သေးဘူးလို့ သိရပါတယ်။

စစ်ကောင်စီက ရွှေတောင်မေတ္တာဆေးရုံကိစ္စနဲ့ ပြည်လုံးချမ်းသာကျောင်းတိုက်ဆရာတော်ကို ဖမ်းဆီးထားပြီး လူဝတ်လဲအမှုဖွင့်ထားတယ်ဆိုပြီး သတင်းတွေလဲထွက်ပေါ်နေတယ်လို့ ဒေသခံတဦးကပြောပါတယ်။

“ဆရာတော်ကိုတော့ ခုထိပြန်မလွတ်သေးဘူးလို့ သိရတယ်။ ဒုလက်ထောက်ဆရာတော်က ဆွမ်းသွားသွားပို့ပေးနေရတယ်လို့ သိရတယ်။ ဆရာတော်ကို မုံရွာမြို့မရဲစခန်းမှာဘဲ ထိန်းသိမ်းထားတယ်။ ကြားမိတာတခုက ဆရာတော်ကိုလူဝတ်လဲထားပြီလို့ ကြားတယ်။ အဲဒါကတော့ ကိုယ်တိုင်မမြင်ရလို့ အတိအကျမပြောတတ်ဘူး။ သိရသလောက်က CDM ဆရာဝန်တွေကို ဘယ်မှာရှိနေတယ်လို့ ပြောပြမှ ပြန်လွှတ်ပေးမယ်လို့သိရတယ်။ ” လို့ ပြောပါတယ်။

လက်ရှိအချိန်ထိ ရွှေတောင်မေတ္တာ အခမဲ့ဆေးရုံကတော့ပိတ်ထားရပြီး စစ်ကောင်စီအဖွဲ့တွေက စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလ ၂၂ ရက်နေ့ မနက် ၁၁ နာရီကျော်ခန့်မှာ ဒေါနခြံရပ်ကွက်၊ သာစည်မီးပွိုင့်နားက ရွှေတော်ဝင်ဆေးရုံနဲ့ ကူတိုးကုန်းရပ်ကွက် ရွှေတောင်မေတ္တာ အခမဲ့ဆေးရုံတို့ကို စစ်ကောင်စီဘက်က အင်အား ၁၅ ဦးခန့်စီနဲ့ ဝင်စီးနင်းရှာဖွေခဲ့တယ်လို့ သိရပါတယ်။

ဆေးရုံ ၂ ရုံကို စစ်ကောင်စီက ဝင်ရောက်ရှာဖွေခဲ့ချိန်မှာ ရွှေတော်ဝင်ဆေးရုံက ဆေးရုံတာဝန်ရှိသူတွေနဲ့ ဆရာဝန်၊ ဆရာမတွေကိုတော့ ဘာမှမလုပ်သွားဘဲ ရွှေတောင်မေတ္တာ အခမဲဆေးရုံဖွင့်ထားတဲ့ ဆရာတော်ကိုဖမ်းဆီးပြီး ကားတစီးကိုပါ သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။

ရွှေတောင်မေတ္တာဆေးရုံဟာ စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်းကတည်းက ၃ ကြိမ်ထပ်မနည်း စစ်ကောင်စီအဖွဲ့က ဝင်ရောက်စစ်ဆေးဖူးတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။