myaelatt athan

Sharing Information to the Local

ဝမ်ပေါင်ကြေးနီစီမံကိန်းအနီးက ကျေးစာကျရွာကို စစ်ကောင်စီတပ်စီးနင်းပြီး ရွာခံ ၄၀ နီးပါးကို ဖမ်းဆီး

0
0

မြေလတ်အသံ၊ ဇွန် ၁၃၊ ၂၀၂၅ ။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဝမ်ပေါင်ကြေးနီစီမံကိန်းအနီးက ကျေးစာကျရွာကို စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်စီးနင်းပြီး ရွာခံ ၄၀ နီးပါးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေထံကသိရပါတယ်။

ဇွန် ၁၃ ရက် ဒီကနေ့မနက် ၈ နာရီလောက်မှာ စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ပူးပေါင်းအင်အား ၁၀၀ ကျော်ဟာ ကျေးစာကျရွာအတွင်း ဝင်ရောက်လာပြီး ကျေးရွာအတွင်းတွေ့ရှိတဲ့ အသက်ငယ်ပိုင်း အမျိုးသား၊ အမျိုးသမီးတွေကို ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

“ ရွာအနောက်ဖက်ပေါက်ကနေ ခြေသံလုံလုံနဲ့ဝင်လာပြီး ရွာထဲက လမ်းထွက်နေတဲ့သူ၊ ခြံဝန်းထဲတွေ့တဲ့သူ မိန်းကလေး၊ ယောကျာ်းလေးအကုန်ဖမ်းတာ။ တချို့လည်းထွက်ပြေးလို့ လိုက်ပစ်တယ်။ ဖမ်းသွားတာ သက်ငယ်ပိုင်းတွေများတယ်၊ အသက် ၄၀ ကျော် ဦးလေးတယောက်လောက်ပဲပါတယ်” လို့ ရွာခံအမျိုးသားတဦးက မြေလတ်အသံကို ပြောပါတယ်။

အဆိုပါစစ်ကြောင်းဟာ လက်ရှိမှာ မြောက်ယမားတံတားအနီး ပုသိမ်-မုံရွာလမ်းပေါ်ကို ပြန်လည်ရောက်ရှိသွားပြီဖြစ်ကာ ဖမ်းဆီးခေါ်ဆောင်သွားသူတွေကို ဓားစာခံလုပ်ပြီး လမ်းကင်းလုံခြုံရေးယူနေတယ်လို့ ဆိုပါတယ်။

“ မနေ့က နမခမှာ ရောက်နေတဲ့ ကြေးနီသယ်မယ့်ကားတွေက ခုဝမ်ပေါင်ကြေးနီစီမံကိန်းထဲကို ထွက်လာပြီလို့ သိရတယ်။ အဲ့ဒီကားတွေ အတိုက်ခံရမှာစိုးလို့ သူတို့လမ်းကင်းယူတာမှာ ရွာသားတွေကို ဓားစာခံလုပ်ပြီး ဖမ်းသွားတာမျိုး” လို့ အထက်ပါရွာခံက သုံးသပ်ပြောပါတယ်။

ဖမ်းဆီးခေါ်ဆောင်သွားတဲ့စစ်ကြောင်းဟာ မုံရွာ နမခစစ်ကောင်စီတပ်၊ ဝမ်ပေါင်ကြေးနီစီမံကိန်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ယင်းမာပင်အခြေစိုက် ရဲတပ်ရင်း ၂၈ က ရဲတပ်ဖွဲ့ပူးပေါင်းစစ်ကြောင်းဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ ၎င်းစစ်ကြောင်းကြောင့် ဝမ်ပေါင်ကြေးနီစီမံကိန်းအနီးကျေးရွာတွေဖြစ်တဲ့ ဆားလင်းကြီးမြို့နယ် ဂုဏ်တော၊ ဒုန်းတော၊ ယင်းမာပင်မြို့နယ် ၊ ကျေးစာကျ၊ ပိန်းနွယ်ချောင်၊ အုံတုံပင်၊ ထန်းတောကြီးစတဲ့ ကျေးရွာတွေ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။