myaelatt athan

Sharing Information to the Local

ဂန့်ဂေါမှာ စစ်တပ်ကမီးရှို့လို့ အိမ်ခြေ ၆၈၀ မီးထဲပါပြီး ရွာပေါင်း ၁၆ ရွာမှ ပြည်သူ ၂ သောင်းကျော် စစ်ဘေးရှောင်နေရ

0
0

မကွေး၊ ဇွန် ၂၈၊ ၂၀၂၂။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှာ ဒီကနေ့ ဇွန်လ ၂၈ ရက်နေ့အထိ စစ်ကောင်စီစစ်တပ်က မီးရှို့တဲ့ ကျေးရွာပေါင်း ၁၆ ရွာရှိပြီး၊ အိမ်ခြေ ၆၈၀ ကျော်ရှိကာ စစ်ဘေးရှောင်ပြည်သူ ၂ သောင်းကျော်ရှိပြီလို့ နှမ်းခါးလူငယ်အဖွဲ့ခေါင်းဆောင်က မြေလတ်အသံကိုပြောပါတယ်။

“ကျနော်တို့စစ်တမ်းကောက်ထားတာကတော့ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းက ကျေးရွာတွေကို စစ်တပ်က အရမ်းဖိတာများပါတယ်။ မီးရှို့တာ ၁၆ ရွာရှိပါပြီ၊ အိမ်ခြေပေါင်းက ၆၈၀ ရှိပါပြီ၊ စစ်ဘေးရှောင်နေရတဲ့လူဦးရေက ၂ သောင်းကျော်ရှိပါပြီ၊ ခက်ခက်ခဲခဲ တောတောင်တွေထဲမှာရှောင်နေရတာများပါတယ်။ ကျနော်တို့ ဒီဘက်မှာဆိုရင် စစ်တပ်ကမီးရှို့တာကြောင့် ပြန်စရာအိမ်လည်းမရှိတော့လို့ တောထဲမှာပဲ မိုးကာတဲထိုးပြီး အခြေချနေရတဲ့မိသားစုတွေလည်းတော်တော်လေးများနေပါတယ်” လို့ နှမ်းခါးလူငယ်ခေါင်းဆောင်က ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့လူမှုကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားပေးရေး ကူညီထောက်ပံ့မှုတချို့နဲ့ ကလေးသူငယ်အမျိုးသမီးဝန်ကြီးဌာနကလည်း ကလေးသူငယ်တွေနဲ့ပတ်သက်ပြီး ချိတ်ဆက်ကာလှူဒါန်းပေးတာတွေရှိပေမယ့် နည်းပါးနေသေးတယ်လို့ သူကဆက်ပြောပါတယ်။

“ကျနော်တို့ဆီမှာ စိုက်ပျိုးရေးကိုအဓိကထားလုပ်ရတဲ့ အခြေခံလူတန်းစာတွေများတာကြောင့် စားဝတ်နေရေးမှာ တော်တော်လေးခက်ခဲသွားပါတယ်။ လယ်ယာတွေပစ်ပြီး ထွက်ပြကြရတာကြောင့် စာရေးသောက်ရေးကို ကျနော်တို့ (NUG) ဝန်ကြီးဌာနနဲ့ ချိတ်ဆက်ပြီး ကျနော်တို့ နှမ်းခါးလူငယ်တွေက နှမ်းခါးရွာအတွက်တင်မဟုတ်ပဲနဲ့ ဘေးရွာတွေကိုပါ ဆန်၊ ဆီ၊ ဆား တွေကိုအလှည့်ကြစနစ်နဲ့ ထောက်ပံ့ပေးပါတယ်။ ဒါပေမဲ့အားတော့တော်တော်လေး နည်းနေပါသေးတယ်။ လှူဒါန်းမှုကတော့ မီးရှို့ခံရတဲ့ ၁၆ ရွာမှ အရမ်းနစ်နာဆုံးရှုံးထားရတဲ့ အများဆုံး လောင်ကျွမ်းတဲ့ရွာတွေကို ပထမဆုံးဦးစားပေးပြီး လှူဒါန်းပါတယ်” လို့ နှမ်းခါးလူငယ်ခေါင်းဆောင်က ပြောပါတယ်။

ကျနော်တို့ဂန့်ဂေါနယ်ဘက်မှာဆိုရင် စစ်အာဏာရှင်ကို လုံးဝအုပ်ချုပ်မခံပဲနဲ့ တော်လှန်နေပြီး၊ တော်လှန်နေတဲ့ပြည်သူတွေလည်း အရမ်းကိုခက်ခဲလာတာကြောင့် ပြည်သူအချင်းချင်း တက်အားသရွေ့ ကူညီပေးကြစေချင်ပါတယ်လို့ သူကထပ်ပြောပါတယ်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်က မီးရှို့ခဲ့တာ နှမ်းခါးရွာ၊ စန်းမြို့ရွာ၊မြင်သားရွာ၊ ကန်ရွာ၊ လာပို့ရွာ၊ သာစည်းရွာ၊ မိုးစိုရွာ၊ ထယ်လှော်ရွာ၊ ချောင်းကောက်ရွာ၊ သင်တောရွာ၊ ရွှေဘိုရွာ၊ မြောက်ကုန်းရွာ၊ ကံတိုးရွာ၊ ရေရှင်ရွာနဲ့ ဟံသာဝတီရွာတွေဖြစ်ပြီး၊ အဲဒီဒေသက ပြည်သူတွေ စစ်ဘေးရှောင်နေရတာဖြစ်ကြောင်း သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။