မြိုင်၊ ဧပြီ ၂၀၊ ၂၀၂၅။
မကွေးတိုင်း၊ မြိုင်မြို့၊ ချောင်းဆုံလမ်းမှာ ဂိတ်ဖွင့်လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံးခဲ့တယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဧပြီ ၂၀ ရက်ဒီမနက် ၆ နာရီခွဲမှာ စစ်သား၊ ရဲနဲ့ပျူစောထီးတွေစုပြီး လုံခြုံရေးယူနေချိန် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကတိုက်ခိုက်ခဲ့ရာ ရဲ ၁ ဦးနဲ့ ပျူစောထီး ၁ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
“ချောင်းဆုံလမ်းဂိတ်မှာ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီး ၁၅ ယောက်လောက်ရှိတဲ့အချိန် အလစ်ဝင်ပစ်တာ။ ရဲတစ်ယောက်နဲ့ ပျူစောထီးတစ်ယောက်သေတယ်။ အလောင်းတွေကိုလဲ ခုနေ့လယ်အထိလာသယ်သံမကြားမိဘူး ”လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုင်ဆောင်တဲ့ MA-1 ၁ လက်၊ Carbine ၁ လက်၊ ကျည် ၂၃ တောင့်တို့ကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်ကပြန်လည်ပစ်ခတ်တာတွေမရှိဘဲ မြိုင်မြို့ အထက ၂ ကျောင်းဘက်ကို ထွက်ပြေးသွားကြတယ်လို့ အထက်ပါတာဝန်ရှိသူက ဆက်ပြောပါတယ်။

အဆိုပါဂိတ်ဟာ လွန်ခဲ့တဲ့ ၂ နှစ်နီးပါးကတည်းကဖွင့်လစ်ထားတာဖြစ်ပြီး ပြည်သူတွေကိုဖမ်းဆီးစစ်ဆေးတာတွေလုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ အညာတပ်ပေါင်းစု၊ ပွိုင့်တစ်ထောင် ဗိုလ်ပြောင်အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အဆိုပါဂိတ်ကိုဆက်လက်တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက် မြို့ထဲမှာရှိတဲ့ဒေသခံပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အနီးမှာမနေကြဖို့ မြိုင်ပကဖ ကသတင်းထုတ်ပြန်ထားပါတယ်။
သတင်း – ဟယ်သာ၊ စာတည်း – လင်း