⁨⁩ ⁨အင်းတော်မှာ လေကြောင်းကနေ ဗုံးကြဲလို့ ကလေး ၁ နဲ့ အမျိုးသမီး ၁ ဦးသေဆုံး

0 5
0 5

အင်းတော်၊ နိုဝင်ဘာ ၉၊ ၂၀၂၇။

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ ပုန်းဟုန်ရွာကို လေကြောင်းကနေ ဗုံးကြဲခံရလို့ ကလေး ၁ ဦးအပါအဝင် ၂ ဦးသေဆုံး ဒေသခံတွေထံက သိရပါတယ်။

န်ိဝင်ဘာလ ၈ ရက်နေ့မနက် ၁၁ နာရီခန့်က စစ်တပ်ဂျက်ဖိုက်တာ တစီးဟာ ကျေးရွာထဲကို ဗုံးနှစ်လုံးကြဲချခဲ့ရာ ပြည်သူတွေရဲ့ နေအိမ်ပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

“တိုက်ပွဲဖြစ်တဲ့ ဧရိယာနဲ့ဆို ၃ မိုင်လောက်ကွာတဲ့ ရွာပါ။ ရွာထဲကို လာကြဲတာ။ တိုက်ပွဲဖြစ်တဲ့နေရာမဟုတ်ပဲ လာကြဲတာ။ ဒီရက်ပိုင်း ဆက်တိုက်ဆိုသလို မော်လူးအနားဝန်းကျင်ကို ဗုံးပတ်ကြဲနေတာ”လို့ ဒေသခံတဦးက ပြောပါတယ်။

ဗုံးကြဲခံရမှုအတွင်း အသက် ၆ နှစ်အရွယ် ယောင်္ကျားလေး ၁ ဦးနဲ့ အသက် ၄၀ ကျော်အရွယ် အမျိုးသမီး ၁ ဦးသေဆုံးပြီး နေအိမ် ၂ လုံးပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ကျေးရွာထဲ တိုက်ပွဲမဖြစ်ပဲ လေကြောင်းကနေ ဗုံးလာကြဲတာကြောင့် ကျေးရွာနေပြည်သူရွာလုံးကျွတ် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၄ ရက်နေ့ကစတင်ပြီး အင်းတော်မြို့နဲ့ မော်လူးမြို့အကြားရှိ စီပိန်း၊ ဖားပန်နဲ့ ပင်ဝယ်ကျေးရွာအနီးရှိ စစ်တပ်ဂိတ်တွေကို တော်လှန်ရေးပူးပေါင်းတိုက်ခိုက်နေတာဖြစ်သလို ထီးချိုင်-မြစ်ကြီးနားလမ်းအတိုင်း တက်လာနေတဲ့ စစ်ယာဥ်တန်းတွေကိုလည်းတိုက်ခိုက်နေတာကြောင့် ရက်ဆက်တိုက်ပွဲဖြစ်ပွားနေပြီး အဆိုပါ စခန်း ၃ ခုကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်လိုက်နိုင်ပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

နိုဝင်ဘာလ ၅ ရက်နေ့နဲ့ ၆ ရက်နေ့တွေမှာတော့ တိုက်ပွဲကြောင့်ပိတ်မိနေတဲ့ မော်လူးမြို့အတွင်းက ခရီသွားကားတန်ပေါ်ကို စစ်တပ်က နှစ်ရက်ဆက် ဒရုန်းနဲ့ဗုံးချလို့ ကုန်တင်ယာဥ် ၂ စီး မီးလောင်ပျက်စီးပြီး ကုန်တင်ယာဥ်မောင်း သားအဖ ၂ ဦးသေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

သတင်း – မောင်မှိုင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။