မုံရွာ၊ အောက်တိုဘာ ၁၇၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကံမရွာလမ်းခွဲအနီးမှာ စစ်ဆင်ရေးသွားတဲ့ ပလဖတပ်ဖွဲ့ဝင်တွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံးခဲ့တယ်လို့ ဖြစ်စဥ်ကိုသိထားတဲ့ ဒေသကာကွယ်ရေးအဖွဲ့ဝင် တွေဆီက သိရပါတယ်။
အောက်တိုဘာ ၁၄ ရက်မနက် ၁၁ နာရီခန့်မှာ ဇလုတ်ကျေးရွာအုပ်ချုပ်ရေးမှုးကို ဖမ်းဆီးဖို့သွားတဲ့ တိုက်နယ် ၅ ပလဖ အဖွဲ့ဝင်တွေဟာ ဖြစ်စဥ်နေရာအရောက်မှာ စစ်တပ်ရဲ့ စောင့်ကြိုတိုက်ခိုက်မှုကိုခံရတာလို့ ဆိုပါတယ်။
“အုပ်ကြီးကို တက်ဖမ်းတာ။ စကစဘက်က သိနေလို့ ကြိုတင်စောင့်ဖမ်းတဲ့ သဘောရှိတယ်။ ဖြစ်ဖြစ်ချင်းက တယောက်သေတယ်။ နှစ်ယောက်ဖမ်းခံရတယ်။ ပြီးမှ အဲ့နှစ်ယောက်ကိုလည်း ပစ်သတ်လိုက်တာလို့သိရတယ်”လို့ ဖြစ်စဥ်ကိုသိထားတဲ့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
တိုက်နယ် ၅ ပလဖ အဖွဲ့ဝင် ၃ ဦးဟာ နေရာမှာတင်သေဆုံးသွားပြီး အဖွဲ့ဝင်တွေရဲ့ လက်နက်ခဲယမ်းတွေကိုလည်း စစ်တပ်ကသိမ်းသွားတယ်လို့ သိရပါတယ်။
စစ်တပ်ထောက်ခံတယ်လီဂရမ်တွေမှာတော့ ကံမရွာနဲ့ဇလုတ်ရွာကြားလမ်းမှာ PDF တွေတက်လာမယ်ဆိုတာ သတင်းရတာကြောင့် သွားရောက်စောင့်ဆိုင်းပစ်ခတ်ရာ PDF အသေ ၃ ဦးရရှိပြီး M 22 ၁ လက်၊ ပစ္စတို ၂ လက်၊ လက်ပစ်ဗုံးအပါအဝင် ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိတယ်လို့ ရေးသားဖော်ပြထားကြပြီး အဲ့ဒီပုံကလည်းမှန်ကန်ကြောင်း အထက်ပါဒေသကာကွယ်ရေးအဖွဲ့ဝင်က အတည်ပြုပါတယ်။
အောက်တိုဘာ ၅ ရက်ကလည်း စစ်ကိုင်းမြို့နယ်၊ အိုင်းဓမ္မကျေးရွာမှာ ဆားတောင်မိုးကြိုး LPDF အဖွဲ့ခေါင်းဆောင် ပစ်သတ်ခံရလို့ သေဆုံးခဲ့ပါသေးတယ်။