1 August 2026 12:19 AM

ပန်းတောင်းမှာ စစ်မှုထမ်းကြေးပေးထားပေမယ့် ပြည်ပရောက်နေသူတွေပါ ပြန်ခေါ်ဖို့နဲ့ အသက်ကျော်သူတွေကိုပါ စစ်မှုထမ်းရန် စာရင်းကောက်နေ

0 8
0 8

■ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေရဲ့ ဆွေမျိုးတွေကို ချန်လှပ်ထားလို့ ဒေသခံတွေ မကျေနပ်

ပန်းတောင်း၊ ဇူလိုင် ၃၀၊ ၂၀၂၆။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက ပြည်သူတွေဆီက စစ်မှုထမ်းကြေးပေးထားသော်လည်း ပြည်ပရောက်နေသူတွေကို ပြန်ခေါ်ခိုင်းသလို သတ်မှတ်ထားတဲ့ အသက်ကျော်လွန်သူတွေကိုပါ စစ်မှုထမ်းရန် စာရင်းကောက်ယူနေပြီး၊ အုပ်ချုပ်ရေးပိုင်းက ဆွေမျိုးတွေကို စာရင်းထဲမပါတဲ့အတွက် ဒေသခံတွေက ကျေနပ်မှုမရှိဘူးလို့ သိရပါတယ်။

ပန်းတောင်းမြို့နယ်၊ တုံကင်းအုပ်စုမှာ အခုလ တတိယပတ်က ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့ဝင်တွေ၊ ရဲ၊ လဝကနဲ့ စစ်သားတွေက လိုက်လံစာရင်း ကောက်ခံခဲ့တာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“စစ်မှုမထမ်းကြေး သိန်း ၁၀၀ ပေးလိုက်ရတာ ဆယ်ရက်ကျော်ပဲ ရှိသေးတယ်။ စစ်မှုထမ်းစာရင်း လိုက်ကောက်နေတာမှာ အသက် ၃၇ နှစ်အရွယ်တွေလည်း စာရင်းပါတယ်။ နိုင်ငံခြားသွားသူတွေလည်း ပြန်ခေါ်ပေးဖို့ အုပ်ချုပ်ရေးပိုင်းက ပြောတယ်။ အိမ်တွေကိုလည်း ဓါတ်ပုံရိုက်တယ်။ ကျန်ခဲ့တဲ့မိဘတွေနဲ့ ဇနီးမယားတွေကိုလည်း လက်မှတ်တွေ ထိုးခိုင်းတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

သတ်မှတ်ထားတဲ့ အသက်ကျော်လွန်သူတွေကိုပါ စစ်မှုထမ်းစာရင်းထပ်မံကောက်ယူပေမယ့် အုပ်ချုပ်ရေးအဖွဲ့ဝင်တွေရဲ့ တူနဲ့ သားတွေကိုတော့ ချန်လှပ်ထားတဲ့အတွက် စာရင်းကောက်ယူသူတွေနဲ့ ဒေသခံတွေ စကားများ ရန်ဖြစ်တာတွေလည်း ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

တုံကင်းအုပ်စုဟာ စစ်မှုထမ်းစတင်စုဆောင်းချိန်ကစလို့ လစဥ်ဆိုသလို စစ်မှုထမ်းကြေး စုဆောင်းပေးခဲ့သော်လည်း ပြီးခဲ့တဲ့တလကျော်က စစ်မှုကြေးမပေးတဲ့အတွက် အဲဒီအုပ်စု ရွာထောင်ရွာက လူငယ်တဦးကို စစ်အုပ်စုက လာဖမ်းသွားတဲ့အတွက် ကျပ် သိန်း ၁၃၀ နဲ့ ပြန်ရွေးခဲ့ရတယ်လို့ ဆိုပါတယ်။

“ပန်းတောင်းမှာ စစ်မှုထမ်းဖမ်းနေတာက တော်တော်ကြမ်းတော့ တိမ်းရှောင်တဲ့လူငယ်တွေလည်းများတယ် လူငယ်ယောင်္ကျားလေးတွေ မြို့မှာ သိပ်မတွေ့ရတော့ဘူး၊ ရေသန့်လည်ပို့တာတောင် အမျိုးသမီးတွေဖြစ်နေပြီ။ စစ်မှုထမ်းအတွက်ဆိုပြီး သန်းခေါင်စာရင်းနဲ့ လိုက်နေတယ်” လို့ ဥသျှစ်ပင်မြို့ခံတဦးက ပြောပါတယ်။

စစ်အုပ်စုဟာ ပြည့်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီ ၁၀ ရက်က စတင်အသက်သွင်းကာ သတ်မှတ်ထားတဲ့ အသက်အရွယ်တွေမှာ အမျိုးသားဖြစ်ပါက အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်းဖြစ်ပြီး၊ အမျိုးသမီးဖြစ်ပါက ၁၈ နှစ် ၂၇ အတွင်းရှိ လူငယ်တွေကို စစ်မှုထမ်းစေခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် လူငယ်တွေကို နည်းလမ်းမျိုးစုံနဲ့ ဖမ်းဆီးခေါ်ဆောင်ကာ ၂၀၂၄ နှစ် ဧပြီလမှစပြီး တပတ်လျှင် သင်တန်းသား ၅,၀၀၀ ဦးနဲ့ စစ်သင်တန်းပေးလျှက်ရှိရာ အခုအခါ သင်တန်းအမှတ်စဥ် ၂၆ ကို ရောက်ရှိပြီဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။