မြေလတ်အသံ၊ ဧပြီ ၈၊ ၂၀၂၆။
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်မှာ ငွေကျပ် ၁၅ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးခဲ့တယ်လို့ စစ်ကော်မရှင်က ဧပြီ ၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဧပြီ ၆ ရက်မနက် ၈ နာရီခွဲမှာ ပြည်ကြီးတံခွန်မြို့နယ် (ဆ) ရပ်ကွက်၊ ၅၄ (ဘီ) လမ်း၊ ၁၂၈ – ၁၂၉ လမ်းကြားမှာ ကိုအောင်ကျော်စိုးနဲ့ ဇနီးဖြစ်သူ သူဇာသန်း (ခ) သီတာ တို့ကိုဖမ်းဆီးပြီးနောက် နေအိမ်ကို လိုက်လံရှာဖွေရာမှာ အဆိုပါမူးယစ်ဆေးဝါးတွေကို တွေ့ရှိပြီး သိမ်းဆည်းခဲ့တာလို့ ဆိုပါတယ်။

သိမ်းဆည်းတဲ့မူးယစ်ဆေးဝါးတွေထဲမှာ စိတ်ကြွရူးသွပ်ဆေးပြား ၉၉ သိန်းကျော်၊ ဘိန်းဖြူ ၅.၅ ကီလိုဂရမ်ပါဝင်ပြီး စုစုပေါင်းငွေကျပ် ၁၅.၀၂ ဘီလီယံခန့်ရှိတယ်လို့ ဖော်ပြပါတယ်။
အဲ့ဒီမူးယစ်ဆေးဝါးတွေကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နေ အိုက်ချွမ် ဆိုသူက မန္တလေးမြို့တွင်းပြန်လည်ရောင်းချဖို့ အမရပူရမြို့နယ်၊ ဒေါင်းရွေးကျေးရွာနေ ကိုအောင်ကျော်စိုးနဲ့ မသူဇာသန်း (ခ) သီတာတို့ကို ပို့ဆောင်ပြီးနောက် အဆိုပါလင်မယားနှစ်ဦးက မန္တလေးမြို့အတွင်း ဖြန့်ဝေရောင်းချနေတာလို့ ဆိုပါတယ်။

ဖမ်းမိထားသူတွေကို အရေးယူးထားပြီး နောက်ထပ်လွတ်မြောက်နေသေးတဲ့ ပါဝင်ပက်သက်သူတွေကိုလည်း ဖမ်းဆီးဖို့လုပ်ဆောင်နေတယ်လို့ ဖော်ပြထားပါတယ်။