myaelatt athan

Sharing Information to the Local

One Friday Fights 76 မှာ မြန်မာဖိုက်တာ ၃ ဦးအနိုင်ရ (အားကစားသတင်း)

0
0

မြေလတ်အသံ၊ သြဂုတ် ၂၃၊ ၂၀၂၄။

ဩဂုတ် ၂၃ ရက် ဒီနေ့ညနေမှာ ကျင်းပတဲ့ One Friday Fights 76 ပွဲတွေမှာ အဲမွီ၊ သွေးလင်းထက်နဲ့ သန့်ဇင်တို့နိုင်ပွဲကိုယ်စီရယူနိုင်ခဲ့ကြပြီး အဲမွီနဲ့ သွေးလင်းထက်တို့က ဘောနပ်စ်ဆုဘတ်သုံးသိန်းခွဲစီ သိမ်းပိုက်နိုင်ခဲ့ကြပါတယ်။

မြန်မာဖိုက်တာတွေထဲမှာ ပထမဆုံးထိုးရတဲ့ ထွန်းမင်းနိုင်ကတော့ ပြိုင်ဘက်ကော့ပိုင်ရဲ့အလဲထိုးတာကို ခံလိုက်ရပြီး ရှုံးနိမ့်ခဲ့ပါတယ်။ ပြိုင်ပွဲဟာ အစကတည်းက ခပ်သွက်သွက်နဲ့ အပြန်အလှန်ထိုးသတ်ကြရင်း ကြည့်ကောင်းခဲ့ပါတယ်။ အပြန်အလှန်ထိုးသတ်နေကြရင်း ပြိုင်ဘက်ကော့ပိုင်က ထွန်းမင်းနိုင်ရဲ့ ကာထားတဲ့လက် ပွင့်နေတာကို အခွင့်ကောင်းယူသွားတာပဲ ဖြစ်ပါတယ်။ 

ပထမအချီပြီးကာနီး ကော့ပိုင်ရဲ့ညာဖြောင့်လက်သီးကြောင့် ထွန်းမင်းနိုင်အမှတ်စဉ်အရေခံရသလို ဒုတိယအချီ အစပိုင်းမှာလည်း ကော့ပိုင်ဟာ အဲ့ဒီနေရာကိုပဲ တိတိကျကျထိအောင်ထိုးပြီး အနိုင်ယူသွားခဲ့ပါတယ်။ ထွန်းမင်းနိုင်အတွက်တော့ ဒီပွဲအရှုံးဟာ အထိနာခဲ့ပြီး နောက်ထပ်ပွဲကောင်းတွေဆီရောက်ဖို့အတွက်တော့ သူရဲ့ထိုးသတ်ပုံ ပိုမိုသေသပ်ဖို့လိုနေပြီပဲ ဖြစ်ပါတယ်။ 

စစိုးသီဟ(ခ)စောစံမျှားနဲ့ ဂျပန်ဖိုက်တာ မာဇာတိုရှိတို့ရဲ့ပွဲစဉ်မှာတော့ မာဇာတိုရှီဟာ အရပ်အမောင်းနဲ့ခန္ဓာကိုယ်ကွာဟချက်ကိုအခွင့်ကောင်းယူပြီး အကွာအဝေးချိန်ဆကာ ဘယ်ခြေကန်ချက်ကို သေချာအသုံးချသွားတာကိုတွေ့ရပါတယ်။ စစိုးသီဟ ကပ်မရအောင်ထိုးသတ်သွားပြီး ပြိုင်ပွဲရဲ့ဒုတိယအချီမှာပဲ သူအသုံးပြုနေတဲ့ ဘယ်ခြေကန်ချက် ဒူးတိုက်ချက်နဲ့ပဲ ပွဲကိုအနိုင်ပိုင်း အဆုံးသတ်သွားခဲ့ပါတယ်။ စစိုးသီဟ(ခ)စောစံမျှားကတော့ One Friday Fights ဝင်ခွင့်ရတဲ့ ပထမဆုံးပွဲစဉ်မှာ အရှုံးနဲ့ရင်ဆိုင်ခဲ့ရတာပဲ ဖြစ်ပါတယ်။

One Friday Fights 76 မှာပါဝင်ထိုးသတ်နေကြတဲ့ မြန်မာဖိုက်တာတွေအတွက် လိုအပ်နေတဲ့အနိုင်ပွဲကို အဲမွီကရယူပေးခဲ့ပြီး ဘောနပ်စ်ဆုကိုလည်း ထိုက်ထိုက်တန်တန် ရရှိခဲ့ပါတယ်။

ဒီပွဲဟာ လက်သီးချင်းယှဉ်ထိုးခဲ့ကြတဲ့ ပွဲကောင်းတပွဲဖြစ်ခဲ့ပြီး ပထမအချီမှာ ဂျပန်ဖိုက်တာ တာကာဇိုနိုရဲ့ဘယ်ဖြောင့်လက်သီးကြောင့် အဲမွီအမှတ်စဉ်အရေခံရကာ အဲမွီရဲ့ဘယ်ဖြောင့်လက်သီးကြောင့်ပဲ ဂျပန်ဖိုက်တာယိုင်နဲ့ခဲ့ရပါတယ်။ 

ဒုတိယအချီမှာလည်း လက်သီးချင်းပဲယှဉ်ပြိုင်ထိုးသတ်ခဲ့ကြပြီး အဲမွီရဲ့ဘယ်ဖြောင့်လက်သီးကြောင့် တာကာဇိုနိုအမှတ်စဉ်တကြိမ်ရေတွက်ခံခဲ့ရပြီး ပြန်လည်ထိုးသတ်ချိန်မှာတော့ အလဲထိုးခံလိုက်ရတာပဲ ဖြစ်ပါတယ်။ အဲမွီအတွက်တော့ One ပွဲစဉ်တွေမှာထိုးသတ်ဖို့ အဖွင့်လှပြီလို့ ဆိုရပါမယ်။ 

မြန်မာဖိုက်တာတွေထဲမှာ လေးယောက်မြောက်ထိုးသတ်ခဲ့တဲ့ သွေးလင်းထက်ရဲ့ပွဲဟာတော့ ပရိသတ်တွေကြိုက်နှစ်သက်တဲ့ပွဲတပွဲဖြစ်ခဲ့ပြီး နိုင်ပွဲနဲ့ တကယ်ကိုထိုက်တန်ခဲ့တယ်လို့ ဆိုရပါမယ်။ 

ပြည်တွင်းမှာရှုံးပွဲမရှိခဲ့တဲ့ သွေးလင်းထက်ဟာ ထိုးသတ်ပုံစုံစုံလင်လင်နဲ့ သွေးအေးစွာထိုးသတ်နိုင်ခဲ့ပြီး အားပါပြင်းထန်တဲ့လက်သီးချက်တွေရှိတာကို တွေ့ရပါတယ်။ ပြိုင်ဘက်ကစားသမား ဂန်ချိုင်းကလည်း အသဲမာတဲ့ကစားသမားဖြစ်ပြီး သွေးလင်းထက်ကို ခုခံထိုးသတ်နိုင်ခဲ့ပါတယ်။ 

ပွဲအပြီးမှာတော့ ထိုးချက်အသာနဲ့ တပွဲလုံးဦးဆောင်ထိုးသတ်နေတဲ့ သွေးလင်းထက်က အမှတ်နဲ့အနိုင်ရခဲ့ပါတယ်။ သွေးလင်းထက်နဲ့ ဂမ်ချိုင်းတို့ရဲ့ပွဲဟာ ဒီနေ့ညအတွက် One Championship ပွဲစီစဉ်သူတွေရဲ့အကြိုက်ဆုံးပွဲတွေထဲ ပါဝင်ခဲ့ပြီး ရှုံးသူ၊ နိုင်သူနှစ်ဦးစလုံး ဘောနပ်စ်ဆု ဘတ်သုံးသိန်းခွဲစီရရှိခဲ့ကြကာ သွေလင်းထက်အတွက် One Championship ခရီးစဉ် အဖွင့်လှခဲ့ပါတယ်။

One Friday Fights 76 မှာ Co Main ပွဲစဉ်အဖြစ်ထိုးသတ်ရပြီး ဒီပွဲရဲ့ပရိသတ်အမျှော်လင့်ဆုံးဖိုက်တာ သန့်ဇင်ကတော့ ပထမအချီစ,စချင်းမှာပဲ ပြိုင်ဘက် တိုင်ဆော်ဂျော်ကို အောက်ခြေသိမ်းကန်ခြေတွေနဲ့ ဖြိုချခဲ့ပြီး အမှတ်စဉ်ရေတွက်စေခဲ့ပါတယ်။ 

ပွဲကိုပြန်လည်စတင်ချိန်မှာလည်း သူကပဲဦးဆောင်ထိုးသတ်ခဲ့ပြီး တိုင်ဆော်ဂျော်ထပ်မံလဲကျကာ အရှုံးပေးသွားခဲ့ပါတယ်။ ဒီပွဲအနိုင်ဟာ ကျန်းမာရေးကြောင့်နားထားရတဲ့ သန့်ဇင်အတွက် ခွန်အားဖြစ်စေခဲ့ပေမယ့် ပြိုင်ဘက်က ဘာမှမတုံ့ပြန်နိုင်တာ ပွဲအပြီးအင်တာဗျူးမတွေ့ရတာတွေကတော့ တမျိုးတော့ဖြစ်စေပြီး ဘောနပ်စ်ရမရကိုလည်း သေချာရှင်းလင်းစွာ မသိလိုက်ရပါဘူး။ 

One Friday Fights 76 မှာထိုးသတ်တဲ့ မြန်မာဖိုက်တာ ၅  ဦးမှာ သန့်ဇင်၊ အဲမွီတို့က အလဲထိုး သွေးလင်းထက်က အမှတ်နဲ့နိုင်ပြီး နိုင်ပွဲကိုယ်စီရရှိခဲ့ကာ ထွန်းမင်းနိုင်နဲ့ စောစံမျှားတို့ကတော့ အလဲထိုးရှုံးပွဲတွေကြုံတွေ့ခဲ့ရပါတယ်။ 

Photo – SS from One Championship Live.

 

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။