myaelatt athan

Sharing Information to the Local

မြန်မာဖိုက်တာ ၅ ဦးအထိ ပါဝင်ထိုးသတ်သွားမယ့် One Friday Fight 76 (အားကစားသတင်း)

0
0

မြေလတ်အသံ၊ သြဂုတ် ၂၃၊ ၂၀၂၄။

ဩဂုတ် ၂၃ ရက် ယနေ့ညနေပိုင်း One Championship က ကျင်းပမယ့် One Friday Fights 76 ပွဲမှာ မြန်မာဖိုက်တာ ၅ ဦးအထိ ပါဝင်ထိုးသတ်သွားမှာ ဖြစ်ပါတယ်။ ဒီပွဲဟာ One က ကျင်းပတဲ့ပွဲတွေမှာ မြန်မာဖိုက်တာ အများဆုံး ပါဝင်ထိုးသတ်ခွင့်ရတဲ့ပွဲစဉ်တခုဖြစ်ပြီး မြန်မာဖိုက်တာအားလုံးဟာ သူတို့ရဲ့သတ်မှတ်ဝိတ်တန်းအတွင်း ဝင်ရောက်နိုင်ခဲ့ကြပါတယ်။ 

One Friday Fights 76 မှာပါဝင်တဲ့ မြန်မာဖိုက်တာ ၅ ယောက်မှာ ၃ ယောက်ကတော့ အိမ်ရှင်ထိုင်းဖိုက်တာတွေနဲ့ ထိုးသတ်ရမှာဖြစ်ပြီး ကျန်တဲ့ ၂ ယောက်ကတော့ ဂျပန်ဖိုက်တာတွေနဲ့ ထိုးသတ်ကြရမှာပါ။ 

သန့်ဇင် နဲ့ တိုင်ဆော်ဂျော်

ထိုးသတ်ပုံကောင်းမွန် မာန်ပါတာကြောင့် မြန်မာပရိသတ်ရဲ့အားပေးမှုကိုသာမက ထိုင်းပရိသတ်တွေရဲ့ နှစ်သက်မှုကိုရရှိထားတဲ့ သန့်ဇင်က ပြိုင်ဘက်ထိုင်းဖိုက်တာ တိုင်ဆော်ဂျောနဲ့ Catchweight (136lb) တန်းမှာ ထိုးသတ်မှာဖြစ်ပြီး သူတို့ရဲ့ ပွဲစဉ်ကို Co Main ပွဲစဉ်အဖြစ်သတ်မှတ်ထားပါတယ်။ 

သန့်ဇင်ဟာ ပြီးခဲ့တဲ့မတ်လပြိုင်ပွဲကတည်းက ကျန်းမာရေးပြဿနာပေါ်ခဲ့တာကြောင့် ပြိုင်ပွဲက နုတ်ထွက်ခဲ့ရပြီး ငါးလအကြာမှ ပြန်လည်ထိုးသတ်ခွင့်ရခဲ့တာပါ။ ပြိုင်ဘက်ကလည်း မတ်လကတည်းကထိုးသတ်ဖို့ သတ်မှတ် ထားတဲ့ပြိုင်ဘက်ပဲဖြစ်တာကြောင့် တဦးအကြောင်းတဦးလေ့လာချိန်များများရရှိထားပြီး ပြင်ဆင်မှုကတော့ အားကောင်းနေကြမှာ သေချာပါတယ်။ 

သန့်ဇင်ဟာ ထိုးသတ်ပုံကောင်းမွန်ပြီး နိုင်ချင်စိတ်ပြင်းပြတဲ့ဖိုက်တာတဦးဖြစ်ကာ မြန်မာလက်ဝှေ့ကစား သမားတွေထဲမှာတော့ ထိုးပေါက်စုံလင်တဲ့ကစားသမားတဦးဖြစ်ပါတယ်။ တိုင်ဆော်ဂျော်ကတော့ ဘယ်ခြေ ဘယ်လက် အားပြုကစားတတ်ပြီး ပြိုင်ဘက်ရဲ့အလစ်အငိုက်ကိုစောင့်ကာ နောက်မဆုတ်တမ်း ထိုးသတ်တတ်တဲ့ ဖိုက်တာတဦးဖြစ်ပါတယ်။ 

One Friday Fights ပွဲမှတ်တမ်းတွေမှာ တပွဲထိုး တပွဲနိုင်၊ ဘောနပ်စ်ဆုပါရရှိအောင် လက်စွမ်းကောင်း ပြသနိုင်ခဲ့တဲ့ သန့်ဇင်နဲ့ နှစ်ပွဲထိုး နှစ်ပွဲစလုံးရှုံးနိမ့်ထားတဲ့ ထိုင်းဖိုက်တာ တိုင်ဆော်ဂျော်တို့ရဲ့ပွဲဟာ အဖြေဘယ်လို ထွက်လာမလဲ စောင့်ကြည့်ရအောင်ပါ။ 

ထွန်းမင်းနိုင် နဲ့ ကော့ပိုင်

One Friday Fights ပြိုင်ပွဲဝင်မြန်မာဖိုက်တာတွေထဲမှာ ပွဲအများဆုံးထိုးသတ်ခွင့်ရထားတဲ့ ထွန်းမင်းနိုင်ကတော့ အိမ်ရှင်ထိုင်း ဖိုက်ကော့ပိုင် နဲ့ Catchweight (133lb) တန်းမှာ ထိုးသတ်သွားမှာပါ။ ထွန်းမင်းနိုင်ဟာ One Friday Fights မှာ ၆ ပွဲထိုးသတ်ထားပြီး ၄ ပွဲနိုင် ၂ ပွဲရှုံးရလဒ်ရရှိထားကာ ပိုပြီးအဆင့်မြင့်တဲ့ပြိုင်ပွဲတွေကို ရောက်ရှိနိုင်ဖို့အတွက် ဒီပွဲကိုအနိုင်ကစားဖို့လိုပါတယ်။ 

ထွန်းမင်းနိုင်အတွက်တော့ နိုင်ပွဲရရှိဖို့ဆိုရင် သူ့ရဲ့အားနည်းချက်ဖြစ်တဲ့ ထိုးသတ်ပုံမတည်ငြိမ်တာကို ပြင်ဆင်ရမှာ ဖြစ်ပြီး သူ့ရဲ့အားသာချက်ဖြစ်တဲ့ ညာဖြောင့်လက်သီးနဲ့ ဘယ်ခြေအမြင့်ကန်ချက်တွေကို ချိန်သားကိုက် ထုတ်သုံးနိုင်ဖို့လိုအပ်ကာ ပြိုင်ဘက်ရဲ့ အထနှေးမှုကို အခွင့်ကောင်းယူနိုင်ဖို့ လုပ်ဆောင်ရမယ်လို့ သုံးသပ်မိပါတယ်။ 

ပြိုင်ဘက် ကော့ပိုင်ကတော့ ထွန်းမင်းနိုင်ထက် အရပ်အမောင်းသာလွန်ပြီး အကွာအဝေး ချိန်ထိုးကစားတတ်တဲ့ ကစားသမားတဦးဖြစ်ပါတယ်။ အထနှေးတဲ့ကစားသမားတဦးဖြစ်ပေမယ့် အချိန်ကြာလာတဲ့အမျှပြိုင်ဘက်ရဲ့ ခံနိုင်ရည်ကို ဖြိုချထိုးသတ်တတ်သူတဦးလည်းဖြစ်ပါတယ်။

ဒီပွဲဟာလည်း နောက်တဆင့်တက်လှမ်းချင်တဲ့ ထွန်းမင်းနိုင်အတွက်ရေးပါတဲ့ပွဲဖြစ်ပြီး ပြိုင်ပွဲရဲ့အစောပိုင်းမှာ ထိုးသတ်သွားမှာဖြစ်တာကြောင့် မြန်မာပရိသတ်တွေအတွက်ရော ဆက်လက်ထိုးသတ်မယ့် မြန်မာဖိုက်တာ တွေရဲ့ စိတ်ဓာတ်ခွန်အားအတွက်ပါ အရေးကြီးတဲ့ပွဲတပွဲလည်းဖြစ်ပါတယ်။ 

One Friday Fights 76 ပြိုင်ပွဲမှာတော့ သန့်ဇင်၊ ထွန်းမင်းနိုင်တို့နဲ့အတူ ပါဝင်ထိုးသတ်သွားကြဦးမယ့် ဖိုက်တာတွေကတော့ အဲမွီ၊ စစိုးသီဟ(ခ)စောစံမျှားနဲ့ သွေးလင်းထက် တို့ပဲ ဖြစ်ပါတယ်။ 

အဲမွီဟာ ဂျပန်ဖိုက်တာ တာကာဇိုနို နဲ့ Catchweight (140lb) တန်းမှာ ထိုးသတ်သွားမှာဖြစ်ပြီး စစိုးသီဟ(ခ) စောစံမျှားကလည်း ဂျပန်ဖိုက်တာ မာဇာတိုရှီနဲ့ Catchweight (117lb)တန်းမှာ ထိုးသတ်သွားမှာဖြစ်ကာ သွေးလင်းထက်ကတော့ အိမ်ရှင်ထိုင်းဖိုက်တာ ဂန်ချိုင်း နဲ့ Strawweight တန်းမှာထိုးသတ်သွားကြမှာပဲ ဖြစ်ပါတယ်။

One Friday Fight 76 ပြိုင်ပွဲမှာ မွေထိုင်းစနစ်နဲ့ ယှဉ်ပြိုင်ထိုးသတ်သွားမယ့် မြန်မာဖိုက်တာ ၅ ဦးရဲ့ စွမ်းဆောင် ရည်ကို ဩဂုတ် ၂၃ ရက် ယနေ့ည မြန်မာစံတော်ချိန် ည ၇ နာရီကစပြီး One Championship ရဲ့ Facebook Page နဲ့ Youtube Channel မှာ စောင့်မျှော်ကြည့်ရှုရမှာ ဖြစ်ပါတယ်။

Photo – One Lumpinee FC

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။