myaelatt athan

Sharing Information to the Local

ချဲလ်ဆီးကို နှစ်ဂိုးပြတ်နဲ့ အနိုင်သုံးမှတ်ရယူခဲ့တဲ့ မန်စီးတီး (အားကစားသတင်း)

0
0

မြေလတ်အသံ၊ သြဂုတ် ၁၉၊ ၂၀၂၄။

ပရီးမီးယားလိဂ်ပွဲစဉ် ၁၊ တနင်္ဂနွေည နောက်ဆုံးပွဲအဖြစ် စတန်းဖို့ဒ်ဘရစ်ချ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချဲလ်ဆီးနဲ့ မန်စီးတီးပွဲမှာ အိမ်ရှင်ချဲလ်ဆီးအသင်းကို မန်စီးတီးက ၀-၂ နဲ့ အနိုင်ရရှိခဲ့ပါတယ်။

နည်းပြသစ် မာရက်ဇ်စကာရဲ့ ချဲလ်ဆီးအသင်းက ၄-၂-၃-၁ ကစားကွက်နဲ့ ပွဲထွက်လာပြီး တိုက်စစ်မှာ ပြီးခဲ့တဲ့ရာသီက ဝေဖန်မှုများစွာခံခဲ့ရတဲ့ နီကိုလပ်စ်ဂျက်ဆင်နဲ့ ပွဲထွက်လာခဲ့ပါတယ်။ မန်စီးတီးကတော့ ၃-၂-၄-၁ ကစားကွက်နဲ့ တိုက်စစ်ဦးစားပေး ပွဲထွက်လာခဲ့ပြီး အားထားရတဲ့ ကွင်းလယ်ကစားသမား ရိုဒရီ ဒဏ်ရာကြောင့်ပါဝင်ခဲ့ခြင်း မရှိပါဘူး။

ပထမပိုင်းမှာ မန်စီးတီး တောင်ပံကစားသမား ဒိုကူ ကို ညာတောင်ပံမှာ ကစားစေခဲ့လို့ ဒိုကူ ခြေစွမ်းမပြနိုင်ဘဲ ရုန်းကန်ခဲ့ရပါတယ်။ အဲ့ဒီနောက် ပွဲကစားချိန် ၁၀ မိနစ်ကျော်မှာတော့ ဒိုကူနဲ့ ဆာဗင်ဟိုတို့ တောင်ပံနှစ်ဖက် နေရာပြောင်းကစားစေခဲ့ပြီး သူ့ရဲ့မူလနေရာ ဘယ်တောင်ပံမှာ ဒိုကူ ပုံမှန်အတိုင်း ခြေစွမ်းပြနိုင်ခဲ့ပြီး သူ့ရဲ့ ပေးပို့မှုကနေတဆင့် ဘနာဒိုဆေးဗားနဲ့ထိပြီး လမ်းကြောင်းပြောင်းသွားတဲ့ဘောလုံးကို ဟာလန်းက နောက်တန်း ၂ ယောက်နဲ့ ဂိုးသမားတို့ကြားထဲကနေ အကောင်းဆုံး သွင်းယူပြီး အဖွင့်ဂိုးကို ပွဲကစားချိန် ၁၈ မိနစ်မှာ စတင်ရရှိခဲ့ပါတယ်။

ပထမပိုင်း ပြီးဆုံးကာနီးမှာ တိုက်စစ်မှူး ဂျက်ဆန်က ခြေပဂိုးပြန်သွင်းနိုင်ခဲ့ပေမယ့် လူကျွံနေလို့ ချဲလ်ဆီးအသင်း ဂိုးမရရှိခဲ့ပါဘူး။

ဒုတိယပိုင်းမှာတော့ ချဲလ်ဆီးတို့ ကစားပုံပိုမိုကောင်းမွန်လာပေမယ့် အဆုံးသတ်ပိုင်းနဲ့ ပြိုင်ဘက်ဧရိယာအတွင်း ပေးပို့မှုတွေမှာ လိုအပ်ချက်များစွာရှိခဲ့ပြီး ချေပဂိုးမရရှိခဲ့သလို ပွဲကစားချိန် ၇၆ မိနစ်မှာ ပင်နယ်တီဧရိယာ ကိုဗာဆစ် လက်ထိဘောကို ပင်နယ်တီမပေးခဲ့လို့ ချဲလ်ဆီးတို့ နစ်နာခဲ့ရပါတယ်။

အနိုင်ရလဒ်ကို ထိန်းဖို့ကြိုးစားနေတဲ့ မန်စီးတီးအသင်းက ပွဲကစားချိန် ၈၄ မိနစ်မှာ ကိုဗာဆစ်ရဲ့ တကိုယ်တောင်ထိုးဖောက်မှုနဲ့အတူ ဧရိယာထိပ် အဝေးကန်ချက်နဲ့ ဒုတိယဦးဆောင်ဂိုး ရရှိခဲ့ပြီး မန်စီးတီးအသင်းအတွက် အနိုင်ရလဒ်ကို သေချာစေခဲ့ကာ ၀-၂ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

ဒီပွဲမှာ မန်စီးတီး ကစားသမားသစ် ဆာဗင်ဟိုနဲ့ ဒိုကူအပြင် ကွင်းလယ်လူ ကိုဗာဆစ်တို့ ခြေစွမ်းပြနိုင်ခဲ့ကြသလို ပြီးခဲ့တဲ့နှစ်က ချန်ပီယံဖြစ်ခဲ့တဲ့ မန်စီးတီးတို့ ချန်ပီယံခြေစွမ်းကို ဆက်လက်ထိန်းထားနိုင်ဆဲဖြစ်တယ်ဆိုတာ မြင်ခဲ့ရပါတယ်။ တဖက်မှာတော့ နည်းပြသစ်အပါအဝင် ကစားသမားသစ် အများအပြားဝယ်ယူထားတဲ့ချဲလ်ဆီးအသင်းအနေနဲ့ အသင်းလိုက်ကစားဟန် ပိုမိုကောင်းမွန်လာဖို့ လိုအပ်နေသေးသလို ရာသီအစမှာတင် မန်စီးတီးနဲ့ တွေ့ခဲ့ရပြီး ရှုံးနိမ့်ခဲ့ရလို့ စိတ်ဓါတ်ပိုင်းဆိုင်ရာ ထိုးနှက်ချက်တခု ဖြစ်လာနိုင်ပါတယ်။

ဒီတပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၁ မှာတော့ ချဲလ်ဆီးအသင်းကလွဲလို့ အသင်းကြီးတွေ အားလုံး အနိုင်ရလဒ် ဖော်ဆောင်နိုင်ခဲ့ပြီး ပွဲစဉ် ၁ရဲ့ နောက်ဆုံးပွဲဖြစ်တဲ့ လက်စတာနဲ့စပါး ပွဲစဉ်ကိုတော့ တနင်္လာနေ့ည (အင်္ဂါမနက်) မြန်မာစံတော်ချိန် ၁ နာရီ ၃၀ မိနစ်မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

Photo – Manchester City. 

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။