ချောက်၊ ဇန်နဝါရီ ၂၉၊ ၂၀၂၆။
မကွေးတိုင်း၊ ချောက်မြို့နယ်မှာ စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးရွာလုံးကျွတ်မီးရှို့ခဲ့ပြီး စစ်ကြောင်းထွက်ခွာချိန်မှာ ရိုက်နှက်ဒဏ်ရာ၊ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသား ၁ ဦးရုပ်အလောင်းကိုလည်း တွေ့ခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇန်နဝါရီ ၂၇ ရက်က ချောက်မြို့ကနေ ကန်ဆောင်ရွာကထွက်ခွာလာတဲ့ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁နဲ့ စလေမြို့ ခမရ ၄၁၆ ပူးပေါင်းအင်အား ၁၂၀ ခန့်စစ်ကြောင်းဟာ ဇန်နဝါရီ ၂၈ ရက် ယမန်နေ့ မနက် ၈ နာရီခန့်မှာ မကျီးကုန်းကျေးရွာကို ဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ခဲ့တာလို့ ဆိုပါတယ်။


” ရွာမဝင်ခင်လမ်းဆုံ (ကန်ဆောင်နဲ့ မကျီးကုန်းကျေးရွာကြား)မှာ တိုက်ပွဲဖြစ်သေးတယ်။ ဒီကောင်တွေလက်နက်ကြီးနဲ့ထောက်ပြီး ငြိမ်ပြီးမှ ရွာကိုအားချင်းဝင်လာပြီး မီးရှို့ပစ်တာ။ မြောက်ကနေတန်းရှို့ဆိုတာအနောက်ခြမ်းတခြမ်းလုံး ကုန်တယ်။ ၅ အိမ်ပဲကျန်တယ်။ အကုန်လုံးမှာ(အိမ်) ၁၆၀ လောက်ရှိတာ ၁၄၀ လောက်ကုန်သွားတယ်” လို့ ဖြစ်စဥ်ကိုသိရှိထားတဲ့ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။
ကျေးရွာကိုမီးရှို့ပြီးနောက် ယမန်နေ့ညနေ ၃ နာရီခန့်မှာ အဲ့ဒီစစ်ကြောင်းဟာ လွန်ကြယ်ထိန်ကန်ရွာကို ဆက်လက်ဝင်ရောက်လာပြီး ညအိပ်တပ်စွဲခဲ့ကာ ဇန်နဝါရီ ၂၉ ရက် ဒီကနေ့ မနက် ၇ နာရီခန့်မှာ နေအိမ် ၅ လုံးနဲ့ ဆိုင်ကယ် ၂၀ စီးကိုမီးရှို့ပြီးနောက် ချောက်မြို့ကို ပြန်လည်ထွက်ခွာသွားတယ်လို့ သိရပါတယ်။


စစ်ကြောင်းထွက်သွားပြီးနောက် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက လွန်ကြယ်ထိန်ကန်ရွာကို နယ်မြေရှင်းလင်းရေးဝင်ရောက်ချိန် ကျေးရွာအပြင်ဘက်မှာ ရိုက်နှက်ဒဏ်ရာ၊ သေနတ်ဒဏ်ရာတွေနဲ့ အသက် ၅၄ နှစ်အရွယ် ဦးဝိုင်းမောင် သေဆုံးနေတာကို တွေ့ရှိခဲ့ရတယ်လို့ မြေပြင်တပ်ဖွဲ့ဝင်တချို့ထံက သိရပါတယ်။
စစ်ကြောင်းထိုးလာချိန် ကန်ဆောင်နဲ့မကျီးကုန်းကျေးရွာအကြား၊ မကျီးကုန်းနဲ့လွန်ကြယ်ထိန်ကန်ကျေးရွာအကြားတွေမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး စစ်ကော်မရှင်တပ်က ထိခိုက်မှုရှိတယ်လို့လည်း သိရပါတယ်။


စစ်ကြောင်းထိုးမီးရှို့လို့ အိမ်ခြေ ၁၅၀ ကနေ ၄၀၀ ကြားရှိတဲ့ ကန်ဆောင်၊ မကျီးကုန်း၊ လွန်ကြယ်ထိန်ကန်၊ ကိုင်းထောက်ကန်၊ ထောက်ရှည်ကန်၊ မကျီးဆောက်ကျေးရွာတွေက လူ ၂,၀၀၀ ကျော် ဇန်နဝါရီ ၂၉ ရက် ဒီကနေ့မနက်ပိုင်းအထိ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၁၅ ရက်ကလည်း ပခုက္ကူမြို့နယ်၊ ကိုင်းစံပြကျေးရွာနဲ့ မြိုင်မြို့နယ်၊ နှောပင်ကျေးရွာမှာ စစ်ကြောင်းထိုးမီရှို့ခံရလို့ သက်ကြီးအမျိုးသမီး ၁ ဦးသေဆုံးပြီး နေအိမ် ၁၄၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။