စစ်ကိုင်း၊ မေ ၁၈၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမရွာကို စစ်ကောင်စီတပ်က မေလ ၁၇ ရက် မနေ့ကနေ့လည် ၂ နာရီ ခန့်မှာ လေယာဉ် ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်ပျက်စီးမှုတွေရှိတယ်လို့ သိရပါတယ်။
ဂျက်ဖိုက်တာ ၂ စီးနဲ့ ချောင်းမရွာ အရှေ့ခြမ်းနဲ့အနောက်ခြမ်းကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ နေအိမ်၊ စာသင်ကျောင်းတချို့နဲ့ ရွာအနောက်ဘက်တောအစပ် ဘုန်းကြီးကျောင်းတကျောင်း ထိမှန်ပျက်စီးသွားတယ်လို့ ကနီဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။



“မနေ့က ကြားရသလောက်က ချောင်းမရွာနဲ့ ၅မိုင်အကွာလောက်မှာထိတွေ့ပစ်ခတ်မှုဖြစ်တယ်။ အဲ့ဒါကို လေယာဉ် ၂ စီးနဲ့ ရှေ့ဆင့်နောက်ဆင့် ရွာထဲကို ဗုံးလာကြဲသွားတာ။ ၇ နှစ်ကလေးငယ်တဦး ဒဏ်ရာရသွားတယ်။ အိမ်ခြေတွေ ဘယ်လောက်ပျက်စီးသွားလဲ ဆိုတာတော့မသိရသေးဘူး” လို့ ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်နဲ့ စာသင်ကျောင်းတွေ ထိခိုက်ပျက်စီးခဲ့ပြီး ဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့ သိရပေမယ့် အသေးစိတ်အချက်အလက်ကိုတော့ မသိရသေးပါဘူး။



ကနီမြို့နယ်ထဲမှာ မေလ ၁၁ ရက်နေ့ကစပြီး မေလ ၁၇ ရက် မနေ့ကအထိ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။
တိုက်ပွဲများအတွင်း စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုတွေများပြားနေလို့ လေကြောင်းသုံးတိုက်ခိုက်နေတာလို့ တော်လှန်ရေးအင်အားစုတွေဘက်က ပြောဆိုထားပြီး မေလ ၁၄ ရက် ညနေ ၃နာရီလောက်ကလည်း ကနီမြို့နယ်၊ မင်းမရွာကို လေယာဉ်နဲ့ လာရောက်ဗုံးကြဲသွားတယ်လို့လည်း သိရပါတယ်။



စာတည်း – ရင်ငြိမ်း