26 July 2026 3:55 PM

ကျေးရွာထဲ နေရာတကာပါတဲ့ အုပ်ချုပ်ရေးမှူးဟောင်း ပစ်သတ်ခံရ

0 1
0 1

ဖြူး၊ ဧပြီ ၂၉၊ ၂၀၂၃။

အမှုအခင်းကိစ္စတွေမှာ နေရာတကာပါတတ်တဲ့ ဖြူးမြို့နယ်၊ ရေပြာကျေးရွာမှ အုပ်ချူပ်ရေးမှူးဟောင်း ဦးမော်စီကို ဧပြီလ ၂၈ ရက် မနက် ၁၀ နာရီကျော်မှာ ဖြူး ပကဖ ဗိုလ်ကျားကြီးအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

အသက် ၆၆ နှစ်အရွယ် ဦးမော်စီ ဆိုင်ကယ်မောင်းနေတဲ့အချိန် ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ရေပြာကျေးရွာနဲ့ ညောင်ခြေထောက်ကျေးရွာကြားမှာ အနီးကပ် ပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။

“အုပ်ကြီးကနေ နားထားတာ ၁၀ နှစ်လောက်တောင် ရှိတော့မယ်။ အဲဒီနောက်ပိုင်းမှာ ဟိုနေရာ ဒီနေရာ ပါတာ၊ အမှုအခင်းကိစ္စတွေရှိရင် ပိုင်ရာဆိုင်ရာတွေနဲ့ ဖြေရှင်းပေးတာ လိုက်လုပ်ပေးတာတွေ ရှိနေတော့ တပ်တို့၊ ရဲတို့နဲ့တော့ အဆက်အသွယ်ရှိနိုင်တယ်။ သတင်းပေးဆိုတာကတော့ ဟုတ် မဟုတ်က အတည်မပြုနိုင်ဘူး။ သူက သားသမီးလည်း မရှိဘူး။ ကျန်းမာရေးမကောင်းတဲ့ မိန်းမပဲ ရှိတယ်” လို့ ဦးမော်စီနဲ့ ရင်းနှီးတဲ့သူတဦးက ပြောပါတယ်။

သေနတ်နဲ့အနီးကပ်ပစ်ခံရလို့ ဦးမော်စီဟာ ချိုင်းအောက်နဲ့ရင်ဘတ်တွေမှာ ကျည်ထိဒဏ်ရာတွေရပြီး နေရာမှာတင် သေဆုံးသွားတာ ဖြစ်ပါတယ်။

ဒေသခံ လူမှုကူညီရေးအသင်းတွေကတော့ အလောင်းကို ရေပြာကျေးရွာကို ပြန်သယ်ပြီး မိသားစုနဲ့ နီးစပ်သူတွေရဲ့ အစီအစဥ်အရ နေ့ချင်းပြီး နာရေးကိစ္စတွေကို ဆောင်ရွက်လိုက်တယ်လို့ သိရပါတယ်။

ဦးမော်စီဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ သွားလာလှုပ်ရှားမှုနဲ့ စခန်းတည်နေရာကို စစ်ကောင်စီထံ သတင်းပေးနေတာကို ခိုင်လုံတဲ့ အချက်အလက်များအရ စစ်ရေးပစ်မှတ်အဖြစ် ဖြူးပကဖ ဗိုလ်ကျားကြီးအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဧပြီလ ၂၇ ရက်ကလည်း ကညွတ်ကွင်းမြို့လျှပ်စစ်အင်ဂျင်နီယာ ဦးကျော်စံလင်း (၅၂)နှစ်ကို ကျောက်တံခါးဘက်သို့ ဆိုင်ကယ်နဲ့အပြန် ရန်ကုန်-မန္တလေး(ကားလမ်းဟောင်း)ဘေးရှိ ကွင်းနောက်(၁)ရပ်ကွက်၊ မိုင်တိုင်အမှတ်-၁၁၄/၁ အရောက်မှာ ဖြူး ပကဖ အဖွဲ့က သေနတ်နဲ့ပစ်သတ်ခဲ့လို့ သေဆုံးခဲ့ပါသေးတယ်။

စာတည်း – လင်းဇေ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။