မြိုင်၊ တကစ ၃ တပ်ကနေ ရိက္ခာထွက်ရှာတဲ့ စစ်သား ၂ ဦးပစ်ခတ်ခံရပြီး ၁ ဦးသေ၊ ၁ ဦးဒဏ်ရာနဲ့ဖမ်းမိ

0 23
0 23

မြိုင်၊ နိုဝင်ဘာ ၁၉၊ ၂၀၂၅။

မကွေးတိုင်း၊ မြိုင်မြို့နယ်အခြေစိုက် အမှတ် ၃ တပ်မတော်အကြီးစားစက်ရုံ တကစ ၃ (ယခင် မြိုင်စက်မှု ၂)ကနေ ရိက္ခာရှာဖို့ထွက်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂ ဦးကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ ၁ ဦး သေဆုံးခဲ့တယ်လို့ မြိုင်ပကဖထံက သိရပါတယ်။

နိုဝင်ဘာ ၁၉ ရက် ဒီကနေ့မနက် ၈ နာရီခွဲမှာ မြိုင် တကစ ၃ နဲ့ ၂ မိုင်ခန့်ဝေးအကွာ တောတိုက်အတွင်းမှာ ရိက္ခာရှာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂ ဦးကို မီတာ ၈၀ အကွာကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

” စက်မှု ၂ ထဲကနေ အဲ့ဒီနားက ပတ်ဝန်းကျင်တောတိုက်တွေထဲက ဒန်အိုး‌တွေ၊ ဆန်တွေ၊ ရိက္ခာတွေ အကုန်လုံးယူကြတာ၊ ကျနော်တို့ကလည်း သူတို့ထွက်တဲ့နေရာတွေကို ပိတ်စောင့်နေကြတာ” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်တာဝန်ခံ ဗိုလ်လက်ယာက မြေလတ်အသံကို ပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁ ဦးနေရာမှာသေဆုံးခဲ့ပြီး ၁ ဦးမှာ ပေါင်ကျည်ထိမှန် ဒဏ်ရာနဲ့ အရှင်ဖမ်းမိခဲ့ပြီး သူ့ကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဆေးကုသပေးထားကာ စစ်ကော်မရှင်တပ်သားတွေထံက MA1 မောင်းပြန်သေနတ် ၁ လက်၊ ၅.၅၆ မမ ကျည် ၄၇၃ တောင့်၊ ကျည်ဘောက် ၆ ခု၊ ဖုန်းနဲ့အားသွင်းကြိုးတွေ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

သေဆုံးနဲ့ဖမ်းဆီးရမိသူတွေဟာ မြိုင်ဒေသကို တိုက်ခိုက်ရေးရောက်ရှိနေတဲ့ စလင်းအခြေစိုက် ခလရ ၂၅၃ တပ်ရင်းက စစ်ကော်မရှင်တပ်သားတွေဖြစ်တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်၊ Good Brothersတပ်ဖွဲ့ နဲ့ အညာမြေတပ်ပေါင်းစုတို့က လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၂၈ ရက်ကလည်း မြိုင်မြို့နယ်တွင်းမရွာမှာ ပြည်သူပိုင်ပစ္စည်းတွေကို ဝင်ယူတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို မြိုင်မြို့နယ်ပကဖတပ်ဖွဲ့က တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။