စဉ့်ကူးမှာ ရွာထဲကိုဗုံးကြဲလို့ ကလေး ၁ ဦးအပါ ၂ ဦးသေဆုံး

0 10
0 10

စဉ့်ကူး၊ အောက်တိုဘာ ၃၁၊ ၂၀၂၅။

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာ၊ အေးချမ်းသာရပ်ကွက်ကို စစ်ကော်မရှင်တပ်ကဗုံးကြဲလို့ မိန်းကလေးငယ် ၁ ဦးအပါအဝင် ၂ ဦးသေဆုံးခဲ့တယ်လို့ ကျေးရွာနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

အောက်တိုဘာ ၃၀ ရက် နေ့လယ် ၂ နာရီခန့်မှာ မိတ္ထီလာလေတပ်ဘက်ကတက်လာတဲ့ ဂျက်ဖိုက်တာ ၁ စီးက ကျေးရွာထဲကို ၄ ကြိမ် ဗုံး ၄ လုံးကြဲချခဲ့တာလို့ ဆိုပါတယ်။

“၃ မိနစ်ခြား ၁ ခါ၊ ၄ ခါကြဲသွားတာ။ ငါးခြောက်ပွဲရုံလုပ်တဲ့အိမ်ပေါ်ကို ကျတာ၊ လူနေအိမ်ပါပဲ။ ဘေးပတ်ဝန်းကျင်မှာလည်း စစ်ရေးပစ်မှတ်ဘာမှမရှိဘူး။ ထိခိုက်သေဆုံးသူတွေက တမိသားစုတည်းပဲ”လို့ ကျေးရွာနဲ့နီးစပ်သူတဦးက ပြောပါတယ်။

လေကြောင်းကနေ ဗုံးကြဲခံရတာကြောင့် အသက် ၁၃ နှစ် အရွယ် မိန်းကလေးငယ် ၁ ဦး နေရာမှာတင် သေဆုံးသွားပြီး အသက် ၄၀ ကျော်အရွယ် အမျိုးသမီး ၂ ဦးနဲ့အမျိုးသား ၁ ဦးတို့ဒဏ်ရာရခဲ့ကာ နီးစပ်ရာဆေးရုံကိုပို့ဆောင်ချိန်မှာ အမျိုးသမီး ၁ ဦးထပ်မံသေဆုံးခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် ငါးခြောက်ပွဲရုံလုပ်နေတဲ့ နေအိမ်အပါအဝင် နေအိမ် ၄ လုံးလည်းပျက်စီးခဲ့ပြီး ဒေသခံတချို့ကတော့ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေထိုင်နေကြပါတယ်။

ဇွန် ၂၉ ရက်ကလည်း စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာ၊ ပြည်စိုးအောင်ရပ်ကွက်မှာ ကျန်းမာရေးမကောင်း လို့ နေအိမ်ထဲရှိနေတဲ့အမျိုးသမီး ဗုံးထိမှန်ကာ သေဆုံးခဲ့သေးသလို နေအိမ် ၃ လုံးလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၅ အောက်တိုဘာ ၃၀ အထိ စစ်ကော်မရှင်တပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေကြောင့် သေဆုံးခဲ့ရတဲ့ပြည်သူစုစုပေါင်း ၇,၄၂၃ ဦးရှိပြီလို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း – AAPP က ထုတ်ပြန်ထားပါတယ်။

စာတည်း – လင်း

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။