ကလေးမြို့ ပင်မသပိတ်က အမျိုးသမီးအဖွဲ့ဝင်တွေရဲ့နေအိမ်တွေ ဖျက်ဆီးခံရ

0 4
0 4

ကလေး၊ ဧပြီ ၂၀၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ သင်္ကြန်ကာလ အတာသပိတ်ပြုလုပ်ခဲ့တဲ့ ကလေးမြို့ပင်မသပိတ်အင်အားစုမှ အဖွဲ့ဝင်တချို့ရဲ့နေအိမ်တွေကို စစ်ကောင်စီက စက်ယန္တရားတွေနဲ့ ဖြိုချဖျက်ဆီးနေပြီး ဒီကနေ့ မနက်ကလည်း နေအိမ်တလုံးကို ထပ်မံဖြိုချ လိုက်တယ်လို့ သိရပါတယ်။

ဧပြီလ ၁၆ ရက်နေ့က တံတားဦးထိပ်နားမှာ အတာသပိတ်ပြုလုပ်နေစဉ် စစ်ကောင်စီက ပစ်ခတ်ဖမ်းဆီးလို့ မကျိန်ဒိတ်ကိမ်၊ မအိစံ၊ ကိုမျိုးကိုဝင်းနဲ့ ကိုသန်းစိုးဦးတို့ ၄ ဦး ဖမ်းဆီးခံခဲ့ရတာလည်း ဖြစ်ပါတယ်။

အောင်သစ္စာရပ်ကွက် နယ်မြေ – ၈ က ဖမ်းဆီးခံထားရတဲ့ သပိတ်တပ်ဖွဲ့ဝင်တဦးဖြစ်တဲ့ မအိစံရဲ့နေအိမ်ကို ဧပြီလ ၂၀ ရက် ဒီကနေ့ မနက်ပိုင်းမှာ ဖျက်စီးခဲ့တာ ဖြစ်ပါတယ်။

ပုံစာ – မကျိန်ဒိတ်ကိမ်နှင့် အဖွဲ့ဝင်တဦးရဲ့နေအိမ်တွေကို ဖျက်ဆီးခံရစဥ်။

“မနေ့ညနေကလည်း ကလေးလမ်းဆုံဘက်မှာ ထပ်ဖြိုကြတယ်။ မိတဲ့ထဲက ယောက်ျားလေးတွေရဲ့ အိမ်တော့ မပါသေးဘူး။ ဒီနေ့ မအိစံအိမ်ကို စက်ကြီးတွေနဲ့ လာဖြိုသွားတယ်။ ဖမ်းမိတဲ့နေ့က ချိတ်ပိတ်တယ်။ နောက်ရက်တွေကျ လိုက်ဖြိုနေတာ။ တခြားသူတွေ မလုပ်ရဲအောင် တမင်လုပ်ပြနေတာထင်တယ်” လို့ ကလေးမြို့ဒေသခံတဦးက ပြောပါတယ်။

ဧပြီလ ၁၉ ရက် မနက်ပိုင်းက တောင်ဖီလာရပ်ကွက်မှာရှိတဲ့ မကျိန်ဒိတ်ကိမ်ရဲ့‌ နေအိမ်ကို ဖြိုချခဲ့ပြီး၊ ညနေပိုင်းမှာတော့ သပိတ်ကိုဖမ်းဆီးစဉ် ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ အဖွဲ့ဝင် မပွားလေးရဲ့ အောင်မင်္ဂလာရပ်ကွက်က နေအိမ်နဲ့ စင်္ကြာလမ်းက တခြားအဖွဲ့ဝင်တဦးရဲ့ နေအိမ်ကို ဖြိုချသွားတယ်လို့ သိရပါတယ်။

စာတည်း – လင်းဇေ

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။