Starlink ကိစ္စနဲ့ ပြဿနာဖြစ်ပွားခဲ့တဲ့ PDF တပ်ဖွဲ့ဝင်တွေကို အရေးယူသွားမှာဖြစ်သလို ဆိုင်ဖွင့်သူတွေကို Starlink စည်းမျဥ်းစည်းကမ်းနဲ့အရေးယူမည်

0 182
0 182

စဉ့်ကူး၊ အောက်တိုဘာ ၁၂၊ ၂၀၂၅

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်းက ကျေးရွာတရွာမှာ စတားလင့်ဆိုင်ဖွင့်သူနဲ့ အရေးပေါ်အုပ်ချုပ်ရေးက တာဝန်ပေးလိုက်တဲ့ MDY-PDF၊ စဉ့်ကူးပကဖ၊ စဉ့်ကူးပလဖ ပူးပေါင်းအဖွဲ့ဝင်ပါတဲ့အဖွဲ့နဲ့ ပြဿနာဖြစ်ပွားခဲ့ပြီး ဖြစ်စဥ်တွင်ပါဝင်တဲ့ ရဲဘော်တွေကို အရေးယူဖို့ ဆွေးနွေးနေဆဲဖြစ်သလို Starlink ဆိုင်ဖွင့်သူကိုတော့ Starlink အသုံးပြုမှုစည်းမျဥ်း၊ စည်းကမ်းနဲ့အရေးယူမယ်လို့ အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးထံက သိရပါတယ်။

ဖြစ်စဥ်မှာပါဝင်ခဲ့တဲ့ ရဲဘော်အားလုံးကိုတော့ အရေးယူမှာမဟုတ်ဘဲ တာဝန်ရှိသူတွေကိုသာ အရေးယူဖို့နဲ့အရေးယူဖို့ အပိုင်းအသေးစိတ်ကိုတော့ ဆွေးနွေးနေဆဲလို့ ဆိုပါတယ်။

“ဖြစ်စဥ်မှာပါဝင်တဲ့ ရဲဘော်တွေကိုတော့ ဘယ်သို့ဘယ်ပုံအရေးယူမယ်ဆိုတာကတော့ အခုအရေးပေါ်အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတွေကြားမှာ ဆွေးနွေးနေဆဲဖြစ်သလို စက်ပိုင်ရှင်နဲ့မိသားစုကိုတော့ သီးခြားလူပုဂ္ဂိုလ်အနေနဲ့ အရေးယူဖို့မရှိဘူး။ ဒီဖြစ်မျိုး နောက်နောင်မဖြစ်ဖို့ သတိပေးတဲ့ကိစ္စတွေ၊ လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ဖို့အတွကိ ပြောသွားဖို့ရှိမယ်။ Starlink စက်ကိုတော့ ထုတ်ပြန်ထားတဲ့စည်းမျဥ်းစည်းကမ်းတွေအတိုင်း အရေးယူဖို့ရှိမယ်”လို့ အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲဘော်ပါဘလို က ပြောပါတယ်။

Starlink ဆိုင်ဖွင့်သူကတော့ စဉ့်ကူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေးကော်မတီက ထုတ်ပြန်ထားတဲ့ Srarlink အသုံးပြုမှုစည်းမျဥ်းစည်းကမ်းအရ ကနဦးပြစ်ဒဏ် ဒဏ်ငွေ ၁၀ သိန်းချမှတ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၁၁ ရက် ညနေ ၃ နာရီခန့်က စဉ့်ကူးမြို့နယ်ရှိ ပြည်သူမိသားစုတစုနေအိမ်မှာ Srarlink Internet တပ်ဆင်အသုံးပြုမှုနဲ့ပတ်သက်ပြီး စဉ့်ကူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေးကော်မတီက ထုတ်ပြန်ထားတဲ့ စည်းမျဉ်း၊ စည်းကမ်းအချို့ကို ချိုးဖောက်သည်ဟုဆိုကာ အရေးယူရန်သွားရောက်ခဲ့တဲ့ ရဲဘော်တွေနဲ့ မိသားစုဝင်များအကြား အငြင်းအခုန်ဖြစ် စကားများခဲ့တာဖြစ်ပါတယ်။

Starlink တပ်ဆင်အသုံးပြုမှု အငြင်းပွားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး စိတ်လိုက်မာန်ပါပြုမူခဲ့တဲ့ တော်လှန်ရေး ရဲဘော်တွေကိုရော စည်ကမ်းမလိုက်နာတဲ့ ပြည်သူကိုပါ ထိုက်သင့်တဲ့ အရေးယူမှုတွေ ပြုလုပ်မယ်လို့ စဉ့်ကူးမြို့နယ် အရေးပေါ် အုပ်ချုပ်ရေးအဖွဲ့က အောက်တိုဘာ ၁၂ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

စဉ့်ကူးနယ်အပါအဝင် တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့၊ရွာတွေကို စစ်ကော်မရှင်ဘက်က နေ့စဉ်ဗုံးကြဲသတ်ဖြတ်နေတာဖြစ်ပြီး ပြည်သူတွေကိုပါ ပစ်မှတ်ထား ဗုံးကြဲသတ်ဖြတ်ရာမှာ Starlink Internet တွေကြောင့် လုံခြုံရေးကျိုးပေါက်တာတွေရှိလို့ ဒေသကာကွယ်ရေးတပ်တွေဘက်က Starlink အသုံးပြုမှုအပေါ် စည်ကမ်းတွေ ချမှတ်ထားတာဖြစ်ပါတယ်။

အဆိုပါ စည်းကမ်းထဲမှာ Starlink Internet ကို အိမ်သုံးသီးသန့် (Private Use) အတွက်သာ ခွင့်ပြုမည်ဖြစ်ပြီး အများပြည်သူလူထုကို အခကြေးငွေဖြင့် မျှဝေသုံးစွဲခွင့် (Public Use) နဲ့ Starlink Internet လိုင်း ခွဲဝေသုံးစွဲခြင်းကို လုံးဝခွင့်မပြုကြောင်း၊ အသုံးပြုမည့် Starlink စက်ကို Password ဖြင့်သာ အသုံးပြုရမည်ဖြစ်ပြီး Public အား အသုံးပြုခွင့်ပေးလိုပါက သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ တင်ပြလျှောက်ထားရမည် ဖြစ်ပြီး ခွင့်ပြုချက်ရမှသာ သုံးစွဲခွင့်ရှိမည်ဖြစ်ကြောင်း စဉ့်ကူးမြို့နယ်အရေးပေါ် အုပ်ချုပ်ရေး ကော်မတီက ပြီးခဲ့တဲ့ မတ် ၁၆ ရက်က ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဒါ့အပြင် ခွင့်ပြုချက်အရ ငွေသွင်းငွေထုတ်နဲ့ အရေးပေါ်ကျန်းမာရေးကိစ္စတွေအတွက် အသုံးပြုရန်ရှိပါက အသုံးပြုသူရဲ့ အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်နဲ့ နေရပ်လိပ်စာအပြည့်အစုံကို မှတ်တမ်းတင်ထားရမည်ဖြစ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက စစ်ဆေးသည့်အချိန်မှာ ပြသရမည်ဖြစ်ကြောင်း၊ Starlink Internet အသုံးပြု၍ နယ်မြေအတွင်း လုံခြုံရေးကျိုး ပေါက်မှုများပေါ် ပေါက်လာပါက Starlink စက်ပိုင်ရှင်က တာဝန်ယူ၊ တာဝန်ခံရမည်ဆိုတာကို ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။

အဆိုပါ စည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်ကြောင်း စစ်ဆေးတွေ့ရှိပါက ပထမအကြိမ်မှာ ဒဏ်ကြေးငွေ ၁ဝ သိန်းကျပ်၊ ဒုတိယအကြိမ်မှာ သိန်း ၂ဝ ကျပ်နှင့် တတိယအကြိမ်မှာ Starlink စက်ကို သိမ်းဆည်းသည်အထိ အရေးယူသွားမှာဖြစ်ကြောင်းနဲ့ သိမ်းဆည်းခံရတဲ့ Starlink စက်တွေကို ၄ လအကြာမှာ ပြန်လည်ထုတ်ယူခွင့်ပြုမည်ဖြစ်ကြောင်း အသိပေးထားတယ်လို့ သိရပါတယ်။

စဉ့်ကူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေးကော်မတီမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY PDF ၊ စဉ့်ကူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ၊ စဉ့်ကူးမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ – ပလဖ တို့ပါဝင်ဖွဲ့စည်းထားတယ်လို့ အတွင်းရေးမှူးထံက သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။