နွားထိုးကြီးက ဘုန်းကြီးကျောင်းဗုံးကြဲခံရမှု ဒဏ်ရာနဲ့ဆေးကုနေတဲ့ ၅ နှစ်မိန်းကလေး ထပ်မံသေဆုံး

0 3
0 3

နွားထိုးကြီး၊ အောက်တိုဘာ ၁၀၊ ၂၀၂၅။

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ မကျီးကုန်းကျေးရွာဘုန်းကြီးကျောင်းဗုံးကြဲခံရမှုမှာ ဗုံးစထိမှန်ဒဏ်ရာနဲ့ဆေးကုသနေတဲ့ အသက် ၅ နှစ်အရွယ်မိန်းကလေးတဦး ထပ်မံသေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သေဆုံးသူဟာ ဗုံးစထိမှန်ဒဏ်ရာနဲ့ မန္တလေးမြို့ဆေးရုံကြီးမှာ ဆေးကုသနေတဲ့ အသက် ၅ နှစ်အရွယ် မမိုးသူဇာဖြစ်ပြီး အောက်တိုဘာ ၉ ရက်မနေ့က ရရှိဒဏ်ရာတွေနဲ့သေဆုံးသွားခဲ့တာလို့ ဆိုပါတယ်။

” ဆုံးတာကတော့ မနေ့ကဆုံးတာ။ အလောင်းကတော့ ဒီဘက်ပြန်သယ်လာပြီး။ နာရေးလည်း အဲ့နေ့ကဘဲ လုပ်လိုက်ကြတာ။ ကျန်သူတွေကတော့သက်သာတယ်လို့ ပြောတယ်။ သူကရင်အုပ်ရဲ့အောက်နားလေးမှာ မှန်ထားတာ”လို့ မိသားစုနဲ့နီးစပ်တဲ့ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

မကျီးကုန်းကျေးရွာဘုန်းကြီးကျောင်းကို အောက်တိုဘာ ၈ ရက် မနက်ပိုင်းမှာ စစ်ကော်မရှင်တပ်က တိုက်လေယာဉ်နဲ့ဗုံးကြဲချခဲ့တာကြောင့် စစ်ရှောင်မိသားစုတွေယာယီခိုလှုံနေထိုင်နေတဲ့အဆောင်ပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး ကနဦးမှာ အသက် ၄၅ နှစ်ရှိ ဒေါ်ကြင်သေဆုံးခဲ့လို့ လက်ရှိမှာ သေဆုံးသူ ၂ ဦးရှိလာတာပါ။

ဗုံးကြဲခံရမှုအတွင်း ဘုန်းကြီး ၁ ပါးနဲ့ လူ ၁၁ ဦး ဒဏ်ရာရရှိခဲ့ကာ အဲ့ဒီထဲက သက်တော် ၃၃ နှစ် ဥူးရေဝရ၊ အသက် ၁၄နှစ် မောင်စည်သူအောင်၊ အသက် ၂၄ နှစ် မဖြူဖြူ၊ အသက် ၁၄ နှစ် မဖြူနှင်းဖွေးနဲ့ အသက် ၅ နှစ် မမိုးသူဇာတို့ကို မန္တလေးဆေးရုံကို ပို့ဆောင်ကုသခဲ့ရပြီး မမိုးသူဇာက ယမန်နေ့မှာ ကွယ်လွန်ခဲ့ကာ ကျန်သူတွေက ဆက်လက်ကုသမှုခံယူနေရတာပါ။

အောက်တိုဘာ ၁၀ ရက် အထိလည်း မကျီးကုန်းကျေးရွာနဲ့ ၂ မိုင်ခန့်အကွာ စည်ပင်နဲ့သူဌေးကုန်းကျေးရွာတွေအနီးမှာ ပစ်ခတ်မှုတွေရှိနေပြီး လက်နက်ကြီးပစ်ခတ်သံတွေကြောင့် အိမ်​ခြေ ၁၅၀ ကျော် လူဦးရေ ၅၀၀ ခန့်ရှိတဲ့ မကျီးကုန်းရွာခံတွေဟာ နီးစပ်ရာတောတိုက်တွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၉ ရက်ကလည်း နွားထိုးကြီးမြို့နယ်၊ မကျီးကုန်းရွာကို စစ်ကော်မရှင်တပ်ဘက်က စက်တပ်လေထီးနဲ့ ဗုံးချခဲ့လို့ ပြည်သူ ၅ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။

စာတည်း – ဟိန်းစံ

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။