သာယာဝတီခရိုင် PDF ထောက်ပို့တဦး ဖမ်းခံရပြီးနောက် အဆက်အသွယ်ရှိသူတွေ ဆက်တိုက်ဖမ်းဆီးခံနေရ

သာယာဝတီ၊ ဧပြီ ၉၊ ၂၀၂၃။

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင် PDF ထောက်ပို့တပ်ဖွဲ့ဝင်တဦး ဖမ်းဆီးခံရပြီးနောက် သူနဲ့ဆက်စပ်ပြီး ဖမ်းဆီးခံရမှုတွေဆက်တိုက်ရှိနေတယ်လို့ သာယာဝတီခရိုင် PDF တာဝန်ရှိသူတဦးက ပြောပါတယ်။

ဖမ်းဆီးခံရသူဟာ သာယာဝတီခရိုင် PDF ထောက်ပို့တာဝန်ထမ်းဆောင်နေတဲ့ ကိုစိုးမြတ်အောင်(ခ)အစိုးလေးဖြစ်ပြီး မတ်လ ၃၁ ရက်မနက်ပိုင်းက မင်းလှမြို့နယ်၊ သရက်တပင်ရွာ၊ ပြည်လမ်းမဘေးက ထမင်းဆိုင်မှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတာလို့ ဆိုပါတယ်။

သူဖမ်းဆီးခံရပြီးနောက် တပတ်အတွင်းမှာဘဲ မင်းလှ၊ နတ်တလင်း၊ ကြို့ပင်ကောက်၊ ဇီးကုန်း၊ အုတ်ဖိုမြို့နယ်တွေက သူနဲ့အဆက်အသွယ်ရှိသူ ဒေသခံ ၅ ဦးထက်မနည်း ဖမ်းဆီးခံထားရတယ်လို့ PDF တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

“ပြီးခဲ့တဲ့ရက်ပိုင်းက အဖမ်းခံရတဲ့ ကြို့ပင်ကောက်အမတ်တောင် သူနဲ့ အဆက်အသွယ်ရှိလို့ ဖမ်းသွားတာလို့သိရတယ်။ မင်းလှရော ဘေးမြို့နယ်တွေက သူ့ကိုလှူဖူးတဲ့သူတွေ၊ အဆက်အသွယ်ရှိတဲ့သူတွေ ဆက်တိုက်အဖမ်းခံနေရတယ်။ မင်းလှက ပြည်သူ ၃ ယောက်ဆို လာဖမ်းတာကို ကြိုရှောင်နိုင်လို့လွတ်သွားတာ။ **တွေက အဆက်အသွယ်လိုက်လုပ်ပြီး ဂျင်းထည့်နေတာ” လို့ ပြောပါတယ်။

လက်ရှိမှာ သူအသုံးပြုနေတဲ့ ဖေ့ဘွတ်လူမှုကွန်ယက်ကို စစ်ကောင်စီတပ်သားတွေက ထိန်းချုပ်ထားပြီး အွန်လိုင်းကနေတဆင့် ဆက်သွယ်ထောင်ချောင်ဆင်ကာ ဖမ်းဆီးနေတာကြောင့် သူအသုံးပြုခဲ့တဲ့ “Asoe Lay” ဖေ့ဘွတ်အကောင့်ကို အဆက်အသွယ်မလုပ်ဖို့ကိုလည်း PDF တာဝန်ရှိသူက သတိပေးပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ကြို့ပင်ကောက်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးမင်းသိန်းဟာ နေအိမ်မှာ ဖမ်းဆီးခံခဲ့ရပြီး သူဖမ်းဆီးခံရမှုဟာ အဲ့ဒီ PDF ထောက်ပို့နဲ့ ဆက်စပ်မှုရှိနေတယ်လို့ပြောဆိုနေကြပေမယ့် ဖမ်းဆီးခံရတဲ့အကြောင်းအရင်းကိုတော့ မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။