ယင်းမာပင်၊ ဧပြီ ၇၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်း ကျေးရွာတရွာက မိုင်းမတော်တဆမှုကြောင့် ခြေထောက် ၂ ဖက်လုံးပြတ်သွားတဲ့ အသက် ၁၁ နှစ်အရွယ် မောင်ရှင်းသန့်မောင်ကို ဧပြီလ ၆ ရက်နေ့က ငွေကျပ် ၂၅၀၀၀၀ သွားရောက်လှူဒါန်းခဲ့တယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ဆီက သိရပါတယ်။
မောင်ရှင်းသန့်မောင်ဟာ နွားကျောင်းသွားရင်း မိုင်းနင်းမိတာကြောင့် ဒူးခေါင်းအောက်ကနေခြေထောက် ၂ ဖက်လုံး ပြတ်သွားခဲ့တာဖြစ်ပြီး ကူညီသူနည်းပါးနေတာကြောင့် သွားရောက်ကူညီခဲ့တာလို့ အဖွဲ့တာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။

“ဒေသခံတွေက ဆက်သွယ်လာတာရယ်၊ ကလေးကိုလှူမဲ့သူတွေမရှိတာတွေရယ်ကြောင့် သွားလှူခဲ့တာပါ။ အခုလိုမိုင်းနင်းမိလို့ ဒဏ်ရာရသူတွေကို လှူဒါန်းတာ ၂ ကြိမ်ရှိပါပြီ။ ပထမက မိုင်းနင်းမိလို့ အရေပြားပျက်သွားတဲ့ ရဲဘော်ပါ။ အခုက မောင်ရှင်းသန့်မောင်ပါ။ နောက်ထပ်လည်း အဆင်ပြေရင် ပြေသလို လှူဒါန်းဖို့ရှိပါတယ်” လို့ ဆိုပါတယ်။
မောင်ရှင်းသန့်မောင်ရဲ့ ရေရှည်ကျန်းမာရေးအတွက် ဆေးဝါးစရိတ်တွေ လိုအပ်နေသလို Wheel Chair တစီးလည်း အရေးပေါ်လိုအပ်နေတယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့က ထုတ်ပြန်ရေးသားထားပါတယ်။
ဧပြီလ ၄ ရက်နေ့ကလည်း အညာပစ်တိုင်းထောင်လေးများအဖွဲ့ဟာ ဆားလင်းကြီးမြို့နယ်အတွင်း မီးရှို့ခံရတဲ့ကျေးရွာက အိမ်ထောင်စု ၁၂၈ စုက လူဦးရေ ၆၀၀ အတွက် ခေါက်ဆွဲကြော်ကို သွားရောက်လှူဒါန်းခဲ့ပါသေးတယ်။
စာတည်း – ရင်ငြိမ်း