ရွှေဘို၊ အောက်တိုဘာ ၇၊ ၂၀၂၅။
စစ်ကိုင်းတိုင်းအခြေစိုက် ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၃ နှစ်တာအတွင်း ကျဆုံးခဲ့တဲ့တပ်ဖွဲ့ဝင်တွေအတွက် ရည်စူးပြီး ကောင်းမှုကုသိုလ်ပြုလုပ်ပေးခဲ့တယ်လို့ ပကဖတာဝန်ရှိသူတွေထံက သိရပါတယ်။
တပ်ဖွဲ့စတင်ဖွဲ့စည်းခဲ့တဲ့ ၂၀၂၂ အောက်တိုဘာလကနေ လက်ရှိအထိ ၃ နှစ်တာကာလအတွင်း ရွှေဘိုမြို့နယ်နဲ့ အနီးတဝိုက်စစ်ဆင်ရေးတွေမှာ ရပ်ကျေး၊ တိုက်နယ်၊ မြို့နယ်အဆင့်ပကဖအဖွဲ့ဝင် ၁၂၃ ဦး ကျဆုံးထားတယ်လို့ ဆိုပါတယ်။


” တပ်ဖွဲ့စကာလတုန်းကတော့ မိုင်းမတော်တဆမှုကြောင့် ကျတာတွေများတယ်။ နောက်ပိုင်းကာလတွေမှာတော့ ထိတွေ့တိုက်ပွဲတွေမှာ ကျတာများတယ်။ ကင်းဝင်စီးခံရလို့ ၄ ယောက်ကျတာတွေလည်းရှိတယ်”လို့ ရွှေဘိုမြို့နယ်ပကဖတာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။
ကျဆုံးအဖွဲ့ဝင်တွေအတွက်ရည်စူးပြီး အောက်တိုဘာ ၆ ရက်သီတင်းကျွတ်လပြည့်နေ့မှာ သံဃာ ၁၀ ပါးကို ဆွမ်းကပ်တာနဲ့ ဝတ္ထုပစ္စည်းတွေလှူဒါန်းကာ အောက်မေ့ဖွယ်လွမ်းတရားနာအခမ်းအနားကို ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။


ဒါ့အပြင် ကျဆုံးတပ်ဖွဲ့ဝင်တွေရဲ့မိသားစုဝင်တွေကို ထောက်ပံ့ပေးတာနဲ့အားပေးစကားပြောကြားတာတွေပြုလုပ်ခဲ့ပြီး တပ်ဖွဲ့ ရံပုံငွေရရှိအပေါ်မူတည်ကာ ကျန်ရစ်မိသားစုဝင်တွေကို ဆက်လက်ထောက်ပံ့ကူညီပေးနိုင်အောင် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပကဖတာဝန်ရှိသူက ပြောပါတယ်။