ဗုံးပေါက်ကွဲပြီးနောက် ရွှေမော်ဓောဘုရားပွဲမှာ စစ်ဆေးမှုပိုတင်းကြပ်

0 2
0 2

ပဲခူး၊ မတ် ၃၀၊ ၂၀၂၃။

ပဲခူးတိုင်း၊ ပဲခူးမြို့ပေါ်က ရွှေမော်ဓောဘုရားပွဲမှာ အသံဗုံးပေါက်ကွဲပြီးနောက် ဘုရားပွဲလာတဲ့ ပြည်သူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ဆေးမှုတွေ ပိုမိုပြုလုပ်လာတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မတ်လ ၂၈ ရက် ညနေ ၅ နာရီလောက်မှာ ရွှေမော်ဓောဘုရားပွဲဝန်းရှိ ကားကြီးကွင်းနားက စျေးဆိုင်တန်းတွေမှာ အသံဗုံးတလုံး ပေါက်ကွဲခဲ့ပြီးနောက် အဲ့ဒီညမှာပဲ ရဲတပ်သားတွေက လုံခြုံရေးချကာ စစ်ဆေးမှုတွေ ပြုလုပ်နေတာလို့ ပဲခူးမြို့ခံတဦးက ပြောပါတယ်။

“စစ်ဆေးရေးက ဘုရားဝန်းကျင် လေးဘက်လေးလံပဲ။ ရဲတွေက ကားနဲ့အပြည့်ပဲ။ ဝန်းထဲကို လွယ်လွယ်ဝင်လို့ မရတော့ဘူး။ အသံဗုံးပေါက်တဲ့နေ့မှာပဲ လမ်းတွေ ပိတ်ချလိုက်တယ်။ အဝင်လည်း စစ်တယ်။ အထွက်လည်း စစ်တယ်။ ဆိုင်ကယ်လိုင်စင်၊ ဖုန်းနဲ့ ခန္ဓာကိုယ် ကိုင်ပြီးလည်း စစ်တယ်” လို့ ဆိုပါတယ်။

ရွှေမော်ဓောဘုရားပွဲမှာ အခုလို စစ်ဆေးတာဟာ ပထမအကြိမ်ဖြစ်ပြီး၊ စွံပလွန်ကန်လမ်းအဝင်၊ ပဲခူး Tennis ကွင်းရှေ့၊ ဘုရားစျေးထိပ်၊ ကမ္ဘာလုံးဘုန်းကြီးကျောင်းဘေး လမ်းထိပ်နဲ့ ပုပ္ပါရုံကျောင်း‌မြောက်ဘက်မုဘ် စတဲ့နေရာတွေမှာ စစ်ဆေးနေတာလို့ အထက်ပါမြို့ခံက ပြောပါတယ်။

“အရင်ညတွေက ရဲ** တွေက အရပ်ဝတ်တွေနဲ့ ပွဲခင်းထဲမှာ စောင့်တယ်။ အသံဗုံးပေါက်တဲ့နေ့ကစပြီး အဲဒီဘုရားဝန်းကို သံဆူးကြိုးတွေနဲ့ ကာပေးလိုက်တယ်။ တချို့နေရာမှာဆိုရင် လူတယောက်စာပဲ ဖွင့်ထားတယ်။ အကုန်သံဆူးကြိုးတွေနဲ့ ကာလိုက်တယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့မတ်လ ၂၆ ရက်မှာလည်း ပွဲဝန်းထဲရှိ ပင်လယ်ဓားပြရဟတ်စင် ပြုတ်ကျခဲ့ရာ လူ ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါသေးတယ်။

အဆိုပါဘုရားပွဲကို ပဲခူးစစ်ကောင်စီအဖွဲ့ဝင်တွေက ဦးဆောင်ကျင်းပနေတာဖြစ်ပြီး၊ မတ်လ ၂၀ ရက်ကနေ ဧပြီလ ၁၈ ရက်အထိ ကျင်းပသွားမှာလို့လည်း သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။