ကမ္ဘောဇသာဒီနန်းတော်ကျုံးနဲ့မြို့ရိုး ပြန်တူးဖို့ဆိုကာ စစ်ကော်မရှင်က ကျုံးပတ်လည်နေအိမ်တွေကိုဖယ်ခိုင်းနေပြီး နေအိမ် ၁,၀၀၀ ခန့်ပါဝင်ဟုဆို

0 36
0 36

ပဲခူး၊ စက်တင်ဘာ ၃၊ ၂၀၂၅။

ပဲခူးမြို့ရှိ ဟံသာဝတီမြို့ဟောင်း ကမ္ဘောဇသာဒီနန်းတော်ကျုံးနဲ့မြို့ရိုးကို ပြန်လည်တူးဖော်ဖို့ဆိုကာ စစ်ကော်မရှင်ပဲခူးမြို့အထွေထွေအုပ်ချုပ်ရေးဌာနက နေအိမ်တွေကိုဖယ်ရှားခိုင်းထားတယ်လို့ အုပ်ချုပ်ရေးပိုင်းနဲ့နီးစပ်တဲ့ဒေသခံတွေဆီကသိရပါတယ်။

ဖယ်ရှားခံရမယ့်နေအိမ်တွေဟာ ကျုံးပတ်လည်နေရာတွေဖြစ်တဲ့ ပုဏ္ဏားစု၊ ဆိုရှယ်လစ်၊ မှော်ကန်၊ စင်္ကြာခြံ၊ အလင်းရောင်၊ ပန်းလှိုင်၊ ကျောက်ကြီးစုရပ်ကွက်တွေက တူးဖော်မယ့်နေရာတွေနဲ့မလွတ်ကင်းတဲ့ နေအိမ်၊ အဆောက်အဦနဲ့ ခြံစည်းရိုးတွေဖြစ်ပြီး နေအိမ် ၁,၀၀၀ ဝန်းကျင်ပါဝင်တယ်လို့ ဆိုပါတယ်။

” ဘယ်လမ်းတွေ ပါတယ်ဆိုတာတော့မသိရပေမယ့် ရပ်ကွက်တွေတော့သိရတယ်။ ဖျက်ရမယ့် ဧရိယာတွေကို မှင်နီတားထားတာ။ ဖျက်ရမယ့် ဧရိယာဆိုရင် တိုက်တွေအိမ်ကြီးအိမ်ကောင်းတွေ များတယ်။ အသနားခံစာတွေတော့ တင်ထားကြတယ်။ ရမယ်မထင်ပါဘူး”လို့ အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်တဲ့မြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ဖယ်ရှားခံရမယ့် နေအိမ်၊ အဆောက်အဦတွေဟာ ပြန်လည်တူးဖော်မယ့် ဧရိယာအတွင်းပါရှိမှုအပေါ် မူတည်ကာ တစိတ်တပိုင်းဖျက်ရတာနဲ့ အဆောက်အဦတခုလုံး ဖျက်ရတာမျိုးတွေရှိလာနိုင်တယ်လို့ ဆိုပါတယ်။

ကျုံးနဲမြို့ရိုးနယ်နိမိတ်အတွင်းပိုင်ဆိုင်မှုမရှိဘဲ ကျူးကျော်ဆောက်လုပ်ထားတဲ့ နေအိမ်အဆောက်အဦ၊ ခြံစည်းရိုးအကာအရံတွေကို စက်တင်ဘာ ၃ ရက် နောက်ဆုံးထားဖယ်ရှားပေးဖို့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေက စာပို့အကြောင်းကြားထားပြီး သတ်မှတ်ရက်အတွင်းဖယ်ရှားမပေးရင် ရှင်းလင်းရေးအဖွဲ့နဲ့ လာရောက်ရှင်းလင်းသွားမယ်လို့ အဲ့ဒီအကြောင်းကြားစာမှာ ဖော်ပြထားပါတယ်။

ပဲခူးမြို့စစ်ကော်မရှင်အုပ်ချုပ်ရေးဌာနရဲ့ အကြောင်းကြားစာအရ ပိုင်ဆိုင်မှုမရှိတဲ့အိမ်တွေ ရွှေ့ပြောင်းပေးဖို့သာပြောဆိုထားပေမယ့် ပိုင်ဆိုင်မှုရှိပြီး ကျုံး၊ မြို့ရိုးတူးဖော်မယ့်နယ်နိမိတ်နဲ့မလွတ်ကင်းတဲ့ အဆောက်အဦတွေနဲ့ပတ်သက်လို့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

” မတရားတာ တရားတာကနောက်ထား လက်ရှိက ဖယ်ဆိုဖယ်ရမှာ။ ဖျက်ခိုင်းတာဆိုတော့ ဘယ်သူဖြစ်ဖြစ်ဒုက္ခတော့ရောက်မှာဘဲ။ အိမ်ငှားတွေ အိမ်ရာမရဘယ်လိုလုပ်မလဲ။ ဘယ်လောက်ကုန်ကုန် ဒုက္ခတော့ရောက်ကြတာဘဲ။ ကြိုတင်စီစဥ်ထားတာမရှိရင် ဒုက္ခရောက်မှာဘဲ”လို့ မြို့ခံအမျိုးသမီးတဦးကပြောပါတယ်။

နေအိမ်ဖယ်ရှားမှုတွေအပေါ် စစ်ကောင်စီဘက်က လျော်ကြေးပေးမယ့်အခြေနေမရှိဘူးလို့သိရပြီး လတ်တလောမှာတော့ ပုဏ္ဏားစုရပ်ကွက်တခုတည်းက မလွတ်တဲ့နေအိမ်တွေကို စတင်ဖျက်ခိုင်းနေကာ ကျန်မလွတ်တဲ့ရပ်ကွက်ကနေအိမ်တွေလည်း နောက်ဆက်တွဲအနေနဲ့ ဖယ်ရှားပေးရမှာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကော်မရှင်ဘက်က မြေနေရာမလွတ်ကင်းတဲ့နေအိမ်အဆောက်အဦတွေဖယ်ရှားပေးဖို့ စာပို့ထားပေမယ့် နေအိမ်ပိုင်ရှင်တွေဘက်တော့ စက်တင်ဘာ ၃ ရက်အထိဖယ်ရှားပေးတာမျိုးတွေ မရှိသေးဘူးလို့ သိရပါတယ်။

ဟံသာဝတီမြို့ဟောင်း ကမ္ဘောဇသာဒီနန်းတော်ကျုံးနဲ့မြို့ရိုးဧရိယာအတွင်း တည်ဆောက်ထားတဲ့ နေအိမ်အဆောက်အဦတွေကို ၁၉၉၀ ဝန်းကျင်က စစ်အစိုးရက တကြိမ်ဖယ်ရှားခိုင်းခဲ့ပြီး ဖယ်ရှားခံရတဲ့နေအိမ်တွေအတွက် အဲ့ဒီအချိန်က ပဲခူးမြို့သစ် ၁၉ ရပ်ကွက်မှာ ပေ ၄၀×၆၀ မြေကွက် မြေနေရာအစားခဲ့ကာ ပြောင်းရွေ့စရိတ် ကျပ် ၅ သိန်းလည်းပေးခဲ့တယ်လို့ ပြောင်းရွေ့ပေးခဲ့ရသူ အသက် ၅၇ နှစ်အရွယ် ပဲခူးမြို့ခံတဦးဆီက သိရပါတယ်။

အဲ့ဒီနောက်ပိုင်းမှာ ဖယ်ရှားခိုင်းထားတဲ့နေရာတွေမှာ ပြန်လည်ဝင်ရောက်နေထိုင်ကြပြီး အဆင့်ဆင့်လက်ပြောင်းလက်လွှဲပြန်ရောင်းချမှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဩဂုတ် ၃ ရက်က ပဲခူးမြို့ကိုလာရောက်ချိန် ဟံသာဝတီမြို့ဟောင်းနေရာကို ပြန်လည်ဖော်ထုတ်ဖို့၊ ကမ္ဘောဇသာဒီနန်းတော်ရဲ့ကျုံးကိုလည်း တဆက်တည်းဖြစ်အောင်လုပ်ဆောင်ဖို့ ညွှန်ကြားခဲ့ပြီးနောက် အခုလို ကျုံးပတ်လည်နေအိမ်တွေကို ဖိအားပေးဖယ်ရှားခိုင်းလာတာလည်း ဖြစ်ပါတယ်။

စာတည်း – လင်း

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။