မြေလတ်အသံ၊ သြဂုတ် ၃၀၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်နဲ့ မကွေးတိုင်း၊ မြိုင်နဲ့ ဆောမြို့နယ်အတွင်းကို စစ်ကော်မရှင်တပ်က သြဂုတ် ၃၀ ရက်ဒီကနေ့မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မြင်းမူမြို့နယ်၊ ငါးကင်းမြောက်ရွာကို ဒီနေ့လယ် ၂ နာရီဝန်းကျင်မှာ စစ်ကော်မရှင်တပ်က ပါရာမော်တာ ၁ စီးနဲ့ဗုံးသီး ၂ လုံးကြဲချခဲ့ရာ အသက် ၃၀ အရွယ်နဲ့ ၅၀ အရွယ် အမျိုးသား ၂ ဦးသေဆုံးပြီး နောက်ထပ် ဒေသခံ ၁၀ ဦးလည်းထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။


“ရမ်းသမ်းပစ်တာ ၂ လုံးချသွားတာ။ ၁၂၀ မမ ထင်တယ်၊ ထိတာရောက ပြည်သူတွေချည်း။ စစ်ကြောင်းလည်းမရှိတော့ မရှောင်ဘူးဗျ အေးဆေးဖြစ်နေတာကိုလာချတာ”လို့ ဒေသခံတဦးကပြောပါတယ်။
ငါးကင်းမြောက်ကျေးရွာမှာ အိမ်ခြေ ၆၀၀ ကျော်ရှိပြီး ဗုံးကြဲတိုက်ခိုက်တာဟာ ဒီတကြိမ် ပထမဆုံးအကြိမ်ဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူတွေနဲ့ပတ်သက်တဲ့အခြေအနေတွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေပါတယ်။
အလားတူ မြိုင်မြို့နယ်၊ လယ်တီကျေးရွာကိုလည်း စစ်ကော်မရှင်တပ်က ဒီမနက် ၁၀ နာရီဝန်းကျင်မှာ ပါရာမော်တာ ၁ စီးနဲ့ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၆၀ အရွယ် အမျိုးသမီး ၁ ဦး မစိုးရိမ်ရဒဏ်ရာရခဲ့တယ်လို့ နောက်ထပ်ဒေသခံတဦးက ပြောပါတယ်။


“အသက်ကြီးပိုင်း အဖွားအို ၁ ဦးထိတာရှိပါတယ်၊ အိမ်မွေးတိရစ္ဆာန်တွေဖြစ်တဲ့ ဝက် ၁ ကောင်သေပြီး ၃ ကောင် ဒဏ်ရာပြင်းထန်ပါတယ်။ (အဖွားအိုက) မစိုးရိမ်ရဒဏ်ရာပါ။ ရွာအပြင်ပါ နေအိမ်နဲ့ဝေးပါတယ် အဖွားအို ထိတာက ကွဲတဲ့အစလာထိတာ”လို့ ဆိုပါတယ်။
ဒါ့အပြင် ဆောမြို့နယ်ထဲကိုလည်း ဒီမနက် ၁၀ နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုတွေတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။
သြဂုတ်လဆန်းပိုင်းကစလို့ စစ်ကော်မရှင်တပ်ဟာ စစ်ကိုင်း၊ မကွေးတိုင်းက ကျေးရွာတွေကို မြေပြင်အင်အားသုံးစစ်ကြောင်းထိုးတာအပြင် လေကြောင်းကနေပါဗုံးကြဲတိုက်ခိုက်မှုတွေကို ခပ်စိပ်စိပ် လုပ်ဆောင်လျှက်ရှိနေပြီး ဒေသခံတွေလည်း ထိခိုက်သေဆုံးမှုတွေရှိနေပါတယ်။


၂၀၂၁ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၅ သြဂုတ် ၂၉ ရက်ထိ စစ်ကော်မရှင်တပ်နဲ့ လက်အောက်ခံတွေကြောင့် သေဆုံးခဲ့ရတဲ့ပြည်သူစုစုပေါင်း ၇,၁၅၉ ဦးရှိတယ်လို့ နိုင်ငံရေး အကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း – AAPP က ထုတ်ပြန်ထားပါတယ်။
စာတည်း – လင်း