မြေလတ်အသံ၊ ဩဂုတ်၂၃၊၂၀၂၅ ။
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ရွှေဘိုးကျွန်းရွာအခြေစိုက် အမှတ် ၂၂ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၂ ) ကိုပေးပို့တဲ့ ဓာတ်အားလိုင်းတွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းခွဲဖြတ်တောက်ခဲ့တယ်လို့ ဆိပ်ဖြူကျားဇိုးအဖွဲ့ထံက သိရပါတယ်။
စလင်းမြို့နယ်၊ တညောင် ပင်မဓာတ်အားခွဲရုံကနေ ကပစ ၂၂ ကို သွယ်တန်းထားတဲ့ ဓာတ်အားလိုင်းတိုင်တွေထဲက ဂွေးပင်နဲ့ ဂျုပ်ချောင်းကြီးကျေးရွာအကြားက ဓာတ်အားလိုင်းတိုင်တွေကို ဩဂုတ် ၁၆ နဲ့ ၁၇ ရက်တွေမှာ ဖောက်ခွဲဖြတ်တောက်ခဲ့တာလို့ ဆိပ်ဖြူတစ်ကိုယ်တော်ကျားဇိုးက ပြောပါတယ်။
ဩဂုတ်လတတိယပတ်ကစလို့ ကပစ၂၁ နဲ့ ၂၂ က စစ်အင်အားထောင်ချီဟာ စစ်ကြောင်းတွေဖြန့်ခွဲကာ ဆိပ်ဖြူမြို့နယ်ကကျေးရွာတွေကို လှည့်လည်စစ်ကြောင်းထိုးနေတာကြောင့် ဖောက်ခွဲဖြတ်တောက်ခဲ့တာဖြစ်ပြီး ဒီကနေ့ တပတ်နီးပါးကြာအထိ အဲ့ဒီဓာတ်အားလိုင်းတိုင်တွေကို လာရောက်ပြင်ဆင်တာမရှိသေးဘူးလို့ သိရပါတယ်။
ဓာတ်အားလိုင်းတိုင်တွေ ဖောက်ခွဲဖြတ်တောက်ခံရပြီးနောက် လျှပ်စစ်မီးပြတ်တောက်နေတာကြောင့် ယခုတပတ်အတွင်း ကပစ ၂၂ တပ်တွင်းမှာ လက်နက်ထုတ်လုပ်ရေးလုပ်ငန်းတွေ ယာယီရပ်နာထားရနေကြောင်း ကပစ ၂၂ နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်တွေကိုကိုကားပြီး သူက ပြောပါတယ်။
မိုင်းခွဲဖြတ်တောက်မှုတွေကို ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဆိပ်ဖြူမြောက်ပိုင်းပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့( NSP)၊ ဆိပ်ဖြူတကိုယ်တော်ကျားဇိုးတို့က ပူပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
မင်းဘူးနဲ့ပခုက္ကူခရိုင်အတွင်းက ကပစ၂၀၊ ၂၁၊ ၂၂ ၊ ၂၄ တပ်တွေနဲ့ ဝါဇီအခြေစိုက်လုံခြုံရေးနှင့်သက်ဆိုင်သောပုံနှိပ်လုပ်ငန်းများစက်ရုံ (လနစ)တပ်တွေဟာ စလင်းမြို့နယ်၊ တညောင်ပင်မဓာတ်အားခွဲရုံကနေ အဓိက လျှပ်စစ်မီးရယူကာ လက်နက်ထုတ်လုပ်ရေးလုပ်ငန်းတွေကို လည်ပတ်နေတာဖြစ်ပြီး အဲ့ဒီဓာတ်အားခွဲရုံ တိုက်ခိုက်မခံရရေး စစ်ကော်မရှင်တပ်က အင်အားအများအပြားနဲ့ လုံခြုံရေးတိုးမြှင့်ချထားတာပါ။
မကွေးတိုင်းအတွင်း အများဆုံးတည်ရှိတဲ့ ကပစတပ်တွေဟာ စစ်ကော်မရှင်တပ်အတွက် အရေးပါတဲ့တပ်တွေဖြစ်ပြီး လက်ရှိမှာလည်း ဆိပ်ဖြူနဲ့ ပေါက်မှာရှိတဲ့ကပစ ၂၁ ၊၂၂ နဲ့ ၂၄ တွေကို အင်အားထောင်ချီဖြည့်တင်းကာ မြေပြင်စစ်ကြောင်းထိုးတာတွေ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။
တည်းဖြတ် – HP