ပုလဲ၊ သြဂုတ် ၂၂၊ ၂၀၂၅။
“ပြည်သူ့မေတ္တာ” လို့ အမည်ပေးထားတဲ့ အညာဒေသက စစ်ရှောင်စခန်းလေးဟာ အေးမြစွာတသွင်သွင်စီးဆင်းနေတဲ့ စမ်းချောင်းနံဘေးနဲ့ စိမ်းစိုနေတဲ့ သစ်ရိပ်ဝါးရိပ်တွေကြားမှာ တည်ရှိနေပေမယ့် စစ်ရှောင်စခန်းမှာ နေထိုင်တဲ့ပြည်သူတွေရဲ့ရင်ထဲမှာတော့ မအေးမြနိုင်ပဲ အပူမီးတွေများပြားနေရပါတယ်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲမှာရှိတဲ့ ပြည်သူ့မေတ္တာစစ်ရှောင်စခန်းဟာ လူဦးရေ ၄၀၀ ကျော် နေထိုင်နေပြီး ခိုလှုံနေတဲ့ စစ်ရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးလိုအပ်ချက်တွေ အလျင်မီနိုင်ဖို့ ကိုယ်စီကိုယ်စီအပူအပင်တွေက အမြဲလိုလိုရှိနေတာကြောင့်ပါ။
သူတို့တွေဟာ ၂၀၂၁ ကစလို့ စစ်ကော်မရှင်တပ်တွေရဲ့စစ်ကြောင်းထိုးမှုကြောင့် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကျောမြို့၊ ကန့်သတ်ကျေးရွာကနေ ပုလဲနယ်အတွင်း တိမ်းရှောင်လာခဲ့ကြသူတွေဖြစ်ပြီး လက်ရှိမှာ အိမ်ထောင်စု ၈၄ စု၊ လူဦးရေ ၄၁၂ ဦး စခန်းမှာနေထိုင်နေကြတာဟာ ၄ နှစ်ထဲကို ရောက်ရှိလာပါပြီ။
ကန့်သတ်ကျေးရွာဟာ စစ်တပ်လက်နက်ထုတ်လုပ်ရေးစက်ရုံ အမှတ် ၂၃ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၃) နဲ့ကပ်လျက်တည်ရှိပြီး ကျေးရွာဒေသခံတွေကို ပျူစောထီးသင်တန်းပေးတာကြောင့် ၂၀၂၂ သြဂုတ်ကတည်းက ဒေသခံတွေ ထွက်ပြေးလာကြပြီး ပုလဲမြို့နယ်မှာ စစ်ရှောင်စခန်းတခုအဖြစ် နေထိုင်နေကြတာဖြစ်ပါတယ်။
စစ်ဘေးရှောင်ကာလကြာမြင့်လာတဲ့အမျှ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေလိုအပ်လာပြီး စစ်ရှောင်တွေရဲ့ ကျန်းမာရေးအတွက်ကုသပေးဖို့ လက်ရှိမှာ သူနာပြုဆရာမတဦးသာရှိတာကြောင့် ကျန်းမာရေးဝန်ထမ်းတွေလည်း လိုအပ်နေပါတယ်။
လက်ရှိမှာလည်း စစ်ရှောင်ဘိုးဘွားတွေနဲ့ ကလေးသူငယ်တွေမှာ မိုးရွာသီဖြစ်တဲ့အတွက် ရာသီတုပ်ကွေးတွေဖြစ်နေပြီး ကျန်းမာရေးဝန်ထမ်းနည်းပါးတဲ့အတွက် ကလေးသူငယ်တွေ သွေးလွန်တုပ်ကွေးဖြစ်တဲ့အခါမှာ အခက်တွေ့ရတယ်လို့ စစ်ဘေးရှောင်အမျိုးသမီးက ပြောပါတယ်။
ဒါ့အပြင် အလှူရှင်တွေလှူဒါန်းထောက်ပံ့တဲ့ စားနပ်ရိက္ခာတွေကိုအဓိကအားထားနေရကာ တချို့ကလည်း လယ်ပိုင်ရှင်တွေ အခမဲ့ပေးလှူထားတဲ့ စစ်ရှောင်စခန်းအနီးလယ်ကွက်တွေမှာ စိုက်ပျိုးကြရင်း စားဝတ်နေရေး ဖြေရှင်းနေရတယ်လို့ ဆိုပါတယ်။
စစ်ရှောင်ကာလကြာလာတာနဲ့အမျှ တနှစ်နဲ့တနှစ် ထောက်ပံ့မှုနည်းပါးလာပြီး ယခင်က အလှူရှင်တွေ ပေါများပေမယ့် ၂၀၂၄ ကနေ ယခုအချိန်ထိ တနှစ်ကို အလှူရှင်အဖွဲ့အစည်း ၇ ဖွဲ့လောက်သာလာရောက် လှူဒါန်းကြတော့တာလို့ သိရပါတယ်။
စစ်ရှောင်စခန်းအတွက်လိုအပ်တဲ့ စားနပ်ရိက္ခာတွေကို ပုလဲမြို့နယ်ကနေသယ်ဆောင်ကာ စခန်းရောက်တဲ့အထိ ဆင်တွေကိုအသုံးပြုသယ်ယူပြီး သယ်ယူဖို့ကိုတော့ ဆင်ထိန်းတွေကအခမဲ့ ကူညီပေးကာ သယ်ယူတဲ့လမ်းကြောင်းက တောင်တက်ခရီးဖြစ်တာကြောင့် မိုးရာသီချောင်းရေကျရင် အခက်အခဲရှိတယ်လို့ အထက်ပါအမျိုးသမီးက ပြောပါတယ်။
လက်ရှိမှာ စားနပ်ရိက္ခာနဲ့ နှာစေးချောင်းဆိုး၊ ယားနာကုသဖို့ဆေးဝါးသာရှိပြီး အခြားဆေးဝါးတွေ ထပ်မံလိုအပ်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လက်ရှိ စစ်ရှောင်အမျိုးသမီးတွေအတွက် ရေရှည်မှာအလုပ်အကိုင်ရှိဖို့၊ စားဝတ်နေရေးကိုတဖက်တလမ်းကဖြေရှင်းနိုင်ဖို့ ရက်ကန်းစင်နဲ့ အပ်ချုပ်စက်တွေလည်း လှူဒါန်းထားကြပြီး နေရာထိုင်ခင်းအခက်အခဲကြောင့် အကောင်အထည်မဖော်နိုင်သေးဘူးလို့ သိရပါတယ်။
အာဏာသိမ်းကာလကြာလာတာနဲ့အမျှ အဆိုပါစစ်ဘေးရှောင်တွေနည်းတူ နှစ်ရှည်နေရပ်တိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင်တွေအတွက် နေထိုင်စားသောက်ရေးနဲ့ နေရပ်ပြန်နိုင်ရေးကိစ္စတွေကလည်း စိန်ခေါ်မှုတရပ် ဖြစ်လာနေပါတယ်။
၂၀၂၁၊ စစ်အာဏာသိမ်းချိန်ကစလို့ ဒီကနေ့အထိ စစ်ကော်မရှင်တပ်တွေရဲ့ စစ်ကြောင်းထိုးမီးရှို့တာတွေ၊ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေကြောင့် ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေကြရပြီး မြန်မာနိုင်ငံတဝန်းနေရပ်စွန့်ခွာသူဦးရေဟာ ၃.၆ သန်းနီးပါးရှိပြီလို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးရဲ့ အခုနှစ် သြဂုတ် ၁၄ ရက်ထုတ်အစီရင်ခံစာမှာဖော်ပြထားပါတယ်။
တည်းဖြတ် – HP