မိတ္ထီလာ၊ ဩဂုတ် ၁၂၊ ၂၀၂၅။
မန္တလေးတိုင်း၊ မိတ္ထီလာမြို့၊ ပေါက်ချောင်းရပ်ကွက်ရှိ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနလက်အောက် သူနာပြုသင်တန်းကျောင်းက သင်တန်းသူအမျိုးသမီးငယ် ၁ ဦး မီးလောင်သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
သေဆုံးသူအမျိုးသမီးမှာ သူနာပြုသင်တန်းတက်ရောက်နေတဲ့ အသက် ၂၀ ကျော် မပြည့်ပြည့်ဆိုသူ ဖြစ်ပြီး ဩဂုတ် ၁၂ ရက် ဒီကနေ့မနက် ၂ နာရီကျော်မှာ ကျောင်းဝန်းအတွင်းရှိ သင်တန်းသူအိပ်ဆောင်အိမ်သာအတွင်းမှာ မီးလောင်သေဆုံးနေတာကို အဆောင်နေသင်တန်းသူတွေက တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

” မီးလောင်ထားတော့ မဲနေတာ။ သူ့အနား ဒီဇယ်ပုံးတော့ တွေ့ရတယ်။ ကိုယ့်ကိုကိုယ်လုပ်သွားတဲ့ပုံစံတော့ရှိတယ်။ ဘယ်လိုကြောင့်လုပ်လဲဆိုတာတော့မသိရဘူး ” လို့ ဖြစ်စဥ်ကိုသိထားသူဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။
သေဆုံးသူအမျိုးသမီးဟာ ကရင်နီ(ကယား)ပြည်နယ်ကနေ မိတ္ထီလာသူနာပြုသင်တန်းကိုတက်ရောက်နေသူဖြစ်ပြီး လွိုင်ကော်မြို့က သူနာပြုနဲ့သားဖွားသင်တန်းကျောင်းဖွင့်လှစ်နိုင်ခြင်းမရှိတာကြောင့် သူနာပြုသင်တန်းသူတွေကို မိတ္ထီလာမြို့ သူနာပြုသင်တန်းကျောင်းမှာ ပြောင်းရွှေ့ပေါင်းစပ်သင်ကြားနေရကြောင်း စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
မီးလောင်သေဆုံးသွားတဲ့ ကျောင်းသူအလောင်းကို မိတ္ထီလာပြည်သူ့ဆေးရုံကို ပို့ဆောင်ထားပြီး သေဆုံးမှုနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့က စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။
သေဆုံးသူရဲ့မိသားစုဝင်တွေလည်း မိတ္ထီလာမြို့ဆေးရုံကိုရောက်ရှိနေပြီး အလောင်းပြန်သယ်ရဖို့စောင့်ဆိုင်းနေကြတယ်လို့ သိရပါတယ်။
စာတည်း – ဟိန်းစံ