အင်းတော်စစ်ကောင်စီတပ်က ခရီးသွားတွေဆီက ဆိုင်ကယ် ၃ စီးနဲ့ ဖုန်း ၈ လုံးကို အဓမ္မသိမ်းယူ

အင်းတော်၊ မတ် ၇၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မန္တလေး- မြစ်ကြီးနားကားလမ်းမပေါ်မှာ ခရီးသွားလာနေတဲ့ ဒေသခံပြည်သူတွေဆီက ဖုန်း ၈ လုံးနဲ့ ဆိုင်ကယ် ၃ စီးတို့ကို စစ်ကောင်စီတပ်သားတွေက အဓမ္မသိမ်းယူခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်းတော်မြို့နဲ့ ၆ မိုင်အကွာမှာရှိတဲ့ နဘားကျေးရွာ ကားလမ်းမပေါ်မှာ စစ်ဆေးရေး လုပ်ဆောင်နေတဲ့ စစ်ကောင်စီတပ်သား ၇၀ ဝန်းကျင်ဟာ မတ်လ ၆ ရက် မနက်ပိုင်းအချိန်က ဆိုင်ကယ်စီးနင်းလာတဲ့ ခရီးသွားတွေဆီကနေ ဖုန်း၊ဆိုင်ကယ်တွေကို သိမ်းယူခဲ့တာ ဖြစ်တယ်လို့ ကာယကံရှင်တွေရဲ့ပြောဆိုချက်ကို ကိုးကားပြီးတော့ Indaw Revolution-IR တာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။

“စကစတွေက ဖုန်းတွေကို သံသယရှိလို့ စစ်ဆေးစရာရှိတယ်ဆိုပြီး သိမ်းသွားတာ။ ဖုန်းတွေကို ပြန်မအပ်ဘဲ ဒီအတိုင်းပြန်ခိုင်းလို့ ပြန်ခဲ့ရတယ်။ ဆိုင်ကယ် ၃ စီးကိုကျတော့ လိုင်စင်မရှိလို့ဆိုပြီး အင်းတော်မြို့ကို သုံးဘီးတစီးနဲ့ တင်သွားတယ်။ လူတွေကိုတော့ ပြန်လွှတ်ပေးလိုက်တယ်။ စကစတွေက လမ်းသွားခရီးသည်တွေကို စစ်ဆေးနေတာ ၇ ရက်လောက် ရှိပြီ။ ဆန်တွေ၊ စားစရာပစ္စည်းတွေ ပါရင်လည်း တောင်းယူကြတယ်” လို့ ပြောပါတယ်။

ခရီးသွားပြည်သူတွေဆီက ပစ္စည်းတွေကို အဓမ္မသိမ်းယူခဲ့တဲ့ စစ်ကောင်စီတပ်သားတွေဟာ နဘားကျေးရွာကို လာရောက်တပ်စွဲနေကြတဲ့ တပ်မ ၈၈ လက်အောက်ခံ ခမရ ၃၀၁ နဲ့ ခမရ ၄၁၆ တပ်ရင်းတွေက စစ်ကောင်စီတပ်သားတွေ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းလောက်က စတင်ပြီးတော့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ PDF အသွင်ဆောင်ပြီး နဘားကျေးရွာနဲ့ ၂ ဖာလုံဝေးတဲ့ နားရခေါင်ကျေးရွာ ကားလမ်းမပေါ်မှာ အင်အား ၅၀ ကျော်နဲ့ ဂိတ်ချကာ ဆိုင်ကယ်၊ ကားတွေကို စစ်ဆေးမှု ပြုလုပ်ခဲ့သလို လမ်းကြေးအဖြစ် ကားတစီးကို ငွေကျပ် ၅၀၀၀ ထောင်နှုန်း ကောက်ခံတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။