ရွှေဘို၊ ဩဂုတ် ၉၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ ၁ ပတ်အတွင်း ဓါးပြမှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူ ၁ ဦးဖမ်းမိထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဩဂုတ် ၂ ရက် နေ့လယ် ၂ နာရီခန့်မှာ အမှတ် ၆ ရပ်ကွက်၊ ရွှေဘိုကားကြီးဝန်းအနီး ရွှေဘို-မန္တလေးလမ်းဘေးက ‘ထိပ်တန်းစက်မှုလက်မှု’ ဆိုင်ပိုင်ရှင် ဦးခင်မောင်မြင့်နေအိမ်ကို လက်နက်ကိုင် အဖွဲ့တခုက ဓါးပြဝင်တိုက်ရာ ရွှေထည်နဲ့ငွေ ကာလတန်ဖိုး ကျပ်သိန်း ၇၀၀ ခန့်ပါသွားပြီး တရားခံတွေကိုတော့ ဒီကနေ့ထိ မဖမ်းမိသေးဘူးလို့ ဆိုပါတယ်။
“သေနတ်တွေဘာတွေနဲ့ အပြင်ထွက်တော့ ၂ ချက်ပစ်သွားသေးတယ်။ အိမ်နဲ့အပေါင်ဆိုင် တွဲထားတာ။ ရွှေနဲ့ပိုက်ဆံတွေ အပေါင်ပစ္စည်းတွေ ပါသွားတယ်။ လူလေးငါးခြောက်ယောက် သေနတ်ကိုယ်စီနဲ့”လို့ ဒေသခံတဦးက ပြောပါတယ်။
ထိပ်တန်းစက်မှုလက်မှုနေအိမ် ဓါးပြတိုက်ခံရပြီး ၁ ရက်အကြာ ဩဂုတ် ၄ ရက် နေ့လယ်ပိုင်းမှာလည်း အမှတ် ၉ ရပ်ကွက်၊ သက်သာပန်းတောင်းရပ်က ‘မဝင်းရွှေ’ ရွှေအပေါင်ဆိုင်နေအိမ်ကို လင်မယား ၂ ဦးက ဓါးပြဝင်တိုက်ခဲ့ရာ ပစ္စည်းတွေမပါသွားဘဲ အသက် ၃၀ အရွယ် အမျိုးသမီးဖြစ်သူကို ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
“မဝင်းရွှေက လက်မှာ ဓားနဲ့ နည်းနည်းထိသွားတယ်။ ခြစ်မိရုံပဲ။ ဓါးနဲ့ထောက်ပြီးလုတော့ သမီးဖြစ်သူက နောက်က မီးဖိုထဲကအော်တော့ အပြင်က လူတွေကဝိုင်းဖမ်းလိုက်တော့ မိသွားတယ်။ အဲဒါကတော့ ရဲကခေါ်သွားတယ်”လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။
ရွှေဘိုမြို့ပေါ်မှာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဓါးပြမှု၊ လုယက်မှုတွေ မကြာခဏဖြစ်နေတာကြောင့် ဒေသခံတွေမှာ သတိနဲ့နေထိုင်နေကြရပြီး သေနတ်မြင်တာနဲ့ ကြောက်လန့်နေကြရတယ်လို့ ဆိုပါတယ်။
“သေနတ်ပေါတဲ့အကြောင်းအရင်းကြောင့်ဖြစ်တာ။ ရှေ့လျှောက်ဓါးပြမှုတွေက ဆက်ဖြစ်နေအုန်းမှာပဲ။ လုံခြုံမှုဆိုတာက ဘယ်ဘက်ကမှ မပေးနိုင်ဘူး။ အရပ်သားပြည်သူတွေက ဘယ်လိုဖြစ်လဲဆို အဖက်ဖက်ကို ကြောက်နေရတယ်။ သေနတ်ကိုင်ထားတာနဲ့ အတုလားအစစ်လား မေးပိုင်ခွင့်မရှိဘူး။ မေးလို့လည်းမရဘူး သေနတ်မြင် ကြောက်နေရတယ်။”လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။
ရွှေဘိုမြို့ပေါ်ကို စစ်ကောင်စီတပ်ကထိန်းချုပ်ထားနိုင်ဆဲဖြစ်ပြီး မြို့ပေါ်နဲ့အနီးဝန်းကျင်တွေမှာ မကြာခဏဆိုသလို ဆိုင်ကယ်လုယက်မှု၊ ဓါးပြမှုတွေဖြစ်နေကာ ကျူးလွန်သူတွေကိုလည်း ဖမ်းဆီးမိတာ မရှိသလောက်နည်းပါးတယ်လို့ သိရပါတယ်။
စာတည်း – လင်း