စစ်ကိုင်းမှာ ပကဖခေါင်းဆောင်နဲ့ လူသားဒိုင်းအဖြစ် ဖမ်းခံထားရတဲ့ ပြည်သူ ၁၅ ဦးသတ်ခံရ

0 9
0 9

စစ်ကိုင်း၊ မတ် ၂၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တာတိုင်ရွာဒေသခံ ၁၆ ဦးကို စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သတ်ဖြတ်ထားခဲ့လို့ ၁၅ ဦးကို သေဆုံးလျက် ပြန်တွေ့တယ်လို့ သိရပါတယ်။

မတ်လ ၁ ရက် မနက်အစောပိုင်းက တာတိုင်ရွာမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် အဲ့ဒီနေ့ညပိုင်းမှာ စစ်ကောင်စီတပ်က ရွာအတွင်း ဝင်ရောက်တပ်စွဲခဲ့ပြီး၊ မတ်လ ၂ ရက် ဒီကနေ့မနက်ပိုင်းမှာတော့ ရွာအတွင်းကနေ ထွက်ခွာချိန် အဲ့ဒီရွာသား ၁၆ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကာ ဒီကနေ့ နေ့လည်ပိုင်းမှာ ၁၅ ဦးရဲ့ ရုပ်အလောင်းတွေကိုသာ ပြန်လည်တွေ့ရှိခဲ့တာလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးက ပြောပါတယ်။

“ဓါးစာခံ ဖမ်းဆီးခံရတာက ၁၆ ဦးပါ။ လောလောဆယ်တော့ အလောင်း ၁၅ လောင်းပဲ တွေ့ပါတယ်။ တွေ့ တာက မြင်းမူနယ်ထဲက ညောင်ရမ်းရွာနားမှာ တွေ့တာ။ အမျိုးသမီး ၃ ဦးနဲ့အမျိုးသား ၁၂ ဦးရဲ့ အလောင်းတွေပါ။ ဓါးစာခံခေါ်သွားတဲ့အထဲက ၁ ဦးနဲ့ လမ်းပြခေါ်သွားတဲ့ အမျိုးသား ၃ ဦး ပေါင်း ၄ ဦးက ပျောက်နေဆဲပါ။ အလောင်းတွေကို ညနေ ၆ နာရီလောက်က သဂြိုဟ်ပြီးစီးခဲ့တယ်” လို့ People Revolution Force Kyaukse ရဲ့အဖွဲ့ခေါင်းဆောင် ကိုစစ်နိုင်က မြေလတ်အသံကို ပြောပါတယ်။

မတ်လ ၁ ရက် မနေ့မနက်ပိုင်းတိုက်ပွဲမှာလည်း အသက် ၅၀ ဝန်းကျင် တာတိုင်ရွာ ပကဖ ခေါင်းဆောင်တဦးဖြစ်တဲ့ မိုက်ကယ် ကျော်ဇော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးပြီးနောက် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

“မနေ့က မနက် ၄ နာရီလောက်မှာ အင်အား ၇၀ လောက် စစ်ကောင်စီတပ်ဖွဲ့တွေက တာတိုင်ရွာထဲကို ဝင်လာလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့ပစ်ခတ်မှု တနေကုန်နီးပါး ဖြစ်တယ်။ သေဆုံးသွားတဲ့ ပကဖခေါင်းဆောင်ကလည်း ရွာထဲမှာ ပိတ်မိနေတဲ့ ပြည်သူတွေအတွက် စခလမ်းကြောင်းကို ပြန်ထောက်ရင်း အသတ်ခံလိုက်ရတာ။ အပိုင်းပိုင်းလုပ်ပြီးသတ်သွားတာ။ နာမည်က ဦးကျော်ဇောပါ တော်လှန်ရေးနာမည်ကတော့ မိုက်ကယ် အသက်က ၅၀ ဝန်းကျင်လောက်ပဲ ရှိသေးတယ်။ဒီနေ့ မနက်ရွာထဲက ထွက်တဲ့အချိန်မှာ ရွာသားတွေကို ဖမ်းသွားတာ” လို့ စစ်ကိုင်းအခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ အရင်က အရာတော်နဲ့ မြင်းမူနယ်မှာရှိတဲ့ ကျေးရွာတွေကို ဝင်ရောက်မွှေနှောက်တဲ့ စစ်ကောင်စီစစ်ကြောင်း ဖြစ်ပြီး တရွာဝင်တရွာထွက် မီးရှို့သတ်ဖြတ်မှုတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။