စလင်း၊ ဩဂုတ် ၄၊ ၂၀၂၅။
မကွေးတိုင်း၊ စလင်းမြို့မှာ စစ်မှုထမ်းအပတ်စဉ် ၁၆ အတွက် သြဂုတ် ၁ ရက်ကစပြီး စစ်ကောင်စီတပ်တွေက ပေါ်တာဆွဲဖမ်းဆီးနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
စလင်းမြို့တွင်း လမ်းတွေပေါ်မှာသွားလာနေတဲ့ ဒေသခံအမျိုးသားတွေ၊ ကားဂိတ်တွေမှာ ခရီးသွားအမျိုးသားတွေကို ဖမ်းဆီးနေတာဖြစ်ပြီး ဩဂုတ် ၄ ရက်အတွင်း ဖမ်းဆီးခံရသူ ၂၀ ခန့်ရှိပြီလို့ ဆိုပါတယ်။
“အိမ်ထဲတော့ဆွဲတာမရှိဘူး။ လမ်းပေါ်သွားလာနေသူတွေဆို ဆွဲတယ်။ အများအားဖြစ်တော့ လဆန်း ဒုတိယအပတ်ထိဆွဲတယ်။ ပြီးရင်နားပြီ။ ခုက အပတ်စဉ် ၁၆ အတွက် ဆွဲနေတာ”လို့ ဒေသခံတဦးက ပြောပါတယ်။
စလင်းမြို့နယ်မှာ စစ်မှုထမ်းအတွက် တပတ်စဉ်လျှင် အနည်းဆုံး လူဦးရေ ၃၀ မှ အများဆုံး ၆၀ အထိဖမ်းဆီးပြီး သင်တန်းကျောင်းကိုပို့ဆောင်လေ့ရှိတယ်လို့ ဆိုပါတယ်။
လက်ရှိ အပတ်စဉ် ၁၆ အတွက်လည်း စလင်းမြို့နယ်မှာ လူဦးရေ ၅၀ ဖမ်းဖို့စီစဉ်ထားတယ်လို့ စစ်ကောင်စီတပ်တွေနဲ့နီးစပ်သူတွေဆီကသိရကာ ဖမ်းထားသူတွေကို နယ်မြေခံတပ်တွေဖြစ်တဲ့ ခလရ ၂၅၃၊ ၂၅၄၊ ၂၅၅ တပ်တွေမှာထားရှိကာ ဗထူး စစ်သင်တန်းကျောင်းကို အများဆုံးပို့ဆောင်တယ်လို့ အထက်ပါဒေသခံက ပြောပါတယ်။
ခုလိုပေါ်တာဆွဲဖမ်းဆီးတာတွေများလာတာဟာ စလင်းမြို့နယ်မြောက်ပိုင်းခြမ်းမှာ တိုက်ပွဲပြင်းထန်နေတာကြောင့် တဖက်လှည့်နဲ့ ပြည်သူတွေကို ဖိအားပေးချင်တာဖြစ်နိုင်တယ်လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။
ခုလိုစစ်မှုထမ်းအတွက်ဖမ်းဆီးတာတွေရှိနေတာကြောင့် အသက်ပြည့်သည်ဖြစ်စေ၊ မပြည့်သည်ဖြစ်စေ စိုးရိမ်ကြောက်လန့်စွာနေထိုင်နေရပြီး အချို့အမျိုးသားတွေကတော့ ရန်ကုန်အပါအဝင် မြို့ကြီးတွေကို ထွက်ခွာသွားတာမျိုးရှိတယ်လို့ သိရပါတယ်။
စာတည်း – မြတ်