ပခုက္ကူခရိုင်ပကဖ တပ်ခွဲစခန်းတခု စီးနင်းမီးရှို့ခံရ

ပခုက္ကူ၊ ဇူလိုင် ၂၀၊ ၂၀၂၅။

မကွေးတိုင်း၊ ပခုက္ကူခရိုင်အခြေစိုက်၊ ပခုက္ကူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ရဲ့တပ်ခွဲ(၃)စခန်း စီးနင်းမီးရှို့ခံလိုက်ရတယ်လို့ ဇူလိုင် ၂၀ ရက်ဒီနေ့မှာ အဲ့ဒီတပ်ကထုတ်ပြန်ပါတယ်။

ဇူလိုင် ၁၉ ရက်၊ မနက် ၁၁ နာရီမှာ အင်အား ၅၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းက ပကဖတပ်ခွဲ(၃)စခန်းကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်လာပြီးနောက် မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

“ကျနော်တို့ ပခုက္ကူခရိုင် ပကဖ လှုပ်ရှားတိုက်ခိုက်ရေးတပ်ဖွဲ့အနေနဲ့ မပြည့်စုံမှုကြားကနေ စကစကို တော်လှန်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ အခုလို စခန်းခွဲတခု တပ်ခွဲ (၃)ကို စီးနင်းခံလိုက်ရတော့ ပြန်လည်ထူထောင် ပြင်ဆင်စရာတွေရှိလာတဲ့အတွက် တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးကြဖို့ မေတ္တာရပ်ခံပါတယ်”လို့ ပခုက္ကူခရိုင် ပကဖ တပ်ခွဲ (၃)ရဲ့တာဝန်ခံ ရဲဘော် ငဘတ်က ပြောပါတယ်။

မီးရှို့ခံလိုက်ရတာကြောင့် စခန်းမှာရှိတဲ့ ဆိုင်ကယ်၊ ဖုန်း၊ ပါဝါဘန့်၊ ကျည်၊ ခဲယမ်း နဲ့ ဖောက်ခွဲရေးပစ္စည်းတွေ အပါအဝင် အီကွေ့မန့်တွေ၊ မှန်ဘီလူးစတဲ့ စစ်သုံးပစ္စည်းတွေ ဆုံးရှုံးခဲ့ရပြီး တန်ဖိုးအားဖြင့် ငွေကျပ်သိန်း ၂၅၀ ဝန်းကျင်ဆုံးရှုံးခဲ့တယ်လို့ ရဲဘော် ငဘတ်က ပြောပါတယ်။

အဆိုပါစခန်းကို စီးနင်းဝင်ရောက်ခဲ့တဲ့ စစ်ကြောင်းဟာ စစ်ကောင်စီတပ်ရဲ့ အမှတ်(၂ ၂)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ ၂၂) နဲ့ အနီးဆုံးမှာရှိတဲ့ ကင်းစခန်းကဖြစ်ပြီး စခန်းကို စီးနင်းဝင်ရောက်လာချိန် အပြန်အလှန် ပစ်ခတ်မှုတွေရှိခဲ့ပေမယ့် ထိခိုက်မှုတွေမရှိခဲ့ဘူးလို့ သူကဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းမှာ ပခုက္ကူခရိုင်ပကဖ တပ်ခွဲ(၁)စခန်းကို စစ်ကောင်စီတပ်က စီးနင်းမီးရှို့ခဲ့တာကြောင့် စခန်းတခုလုံးပြာကျပျက်စီးပြီး ရဲဘော် ၁ ဦး ကျဆုံးကာ သေနတ် ၁ လက်ပါဆုံးရှုံးခဲ့တယ်လို့ ရဲဘော် ငဘတ်က ပြောပါတယ်။

အလားတူပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မေလအတွင်းကလည်း စခန်းငယ်တခု စီးနင်းမီး ရှို့ခံလိုက်ရတာကြောင့် CDM သူနာပြု ၂ ဦးနဲ့ CDM ရဲတပ်သား ၁ဦးတို့ ဖမ်းဆီးခံလိုက်ရသေးတယ်လို့ သိရပါတယ်။

သတင်း – အောင်စိုး၊ စာတည်း – မြတ်

မြေလတ်အသံ

မကွေး #ပခုက္ကူ #ပကဖ တပ်ခွဲစခန်း #မီးရှို့ခံရ

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။