myaelatt athan

Sharing Information to the Local

စစ်ကိုင်းတံတားပေါ်တက်လာတဲ့ ခရီးသွားနဲ့အိမ်စီးကားတွေပေါ်က လူငယ်အမျိုးသား ၃၀ ကျော်ကို စစ်တပ်ပေါ်တာဆွဲ (ရုပ်/သံ)

စစ်ကိုင်း၊ ဇူလိုင် ၁၂၊ ၂၀၂၅။

စစ်ကိုင်းတံတားပေါ်ကို ဖြတ်သန်းလာတဲ့ ခရီးသွားနဲ့ အိမ်စီးကားတွေပေါ်က အမျိုးသားအယောက် ၃၀ ကျော်ကို စစ်ကောင်စီတပ်က ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ မျက်မြင်ကြုံတွေ့ရသူ ခရီးသွားတဦးက မြေလတ်အသံကို ပြောပါတယ်။

ဇူလိုင် ၁၀ ရက် မနက် ၁၀ နာရီလောက်က စစ်ကိုင်းမြို့ဘက်ခြမ်း တံတားကြေးကောက်ခံတဲ့ဂိတ်မှာ လက်နက်ကိုင် ယူနီဖောင်းအပြည့်အစုံဝတ်ဆင်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကျော်ဟာ ခရီးသွားကားတွေကိုတားဆီးပြီး ကားတွေပေါ်မှာလိုက်ပါလာတဲ့ လူငယ်အမျိုးသား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာလို့ ဆိုပါတယ်။

” ကျမတို့ကားပေါ်က ယောက်ျားလေး ၄ ယောက်ပါသွားတယ်။ မှတ်ပုံတင်၊ ပိုက်ဆံအိတ်နဲ့ အင်္ကျီအဝတ်အစားထုပ်တွေ ယူခိုင်းပြီး သူတို့လိုက်ထရပ်ကားပေါ် တက်ခိုင်းတာ။ ဘာမှပြောချိန်မရဘူး သေနတ်တွေနဲ့ချိန်ပြီး “ကိုယ်နဲ့မဆိုင်ရင် ဝင်မပါကြနဲ့” လို့ အော်ဟစ်ပြောဆိုနေတာ။ ကားပေါ်ကို ငုတ်တုပ်လေးတွေ တန်းစီလို့ ပါသွားကြတာ။ အိမ်စီးကား ပါဂျဲရို(Pajero)တွေလည်း မလွတ်ဘူး”လို့ ဖြစ်စဥ်ကို ကြုံတွေ့ ခဲ့ရတဲ့အမျိုးသမီးတဦးက မြေလတ်အသံကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်ကား ၁ စီး၊ လိုက်ထရပ်(Light Truck) ကား ၂ စီးနဲ့ လာရောက်ဖမ်းဆီးတာဖြစ်ပြီး စစ်ကိုင်းတံတားပေါ်တက်လာတဲ့ ခရီးသည်တင်ကား(Express)၊ အံစာတုံးကား၊ ဟွန်ဒါဖစ် (Honda Fit) ကားအသေးတွေအပါ အိမ်စီးကား အစီး ၂၀ ကျော်ကို ရပ်တန့်ခိုင်းကာ ကားပေါ်က အမျိုးသားတွေကို မှတ်ပုံတင်နဲ့တကွ ကားအောက်ဆင်းခိုင်းပြီးနောက် မှတ်ပုံတင်နဲ့တိုက်ဆိုင်စစ်ဆေးပြီး ဖမ်းဆီးတာလို့ဆိုပါတယ်။

“ကားအောက်ဆင်း မှတ်ပုံတင်လေးတွေကိုင်ပြီး တယောက်ချင်းစီ တန်းစီနေရတာ။ တယောက်ပြီးတယောက် တပွင့်ပါတဲ့ဗိုလ်ဆီကို မှတ်ပုံတင်ပြရတယ်။ အသက်အရွယ်တွက်ပြီး အသက်ပြည့်တဲ့ သူတွေကိုတော့ စစ်မှုထမ်းဖို့ ကားပေါ်တက်ခိုင်းတော့တာ။ မှတ်ပုံတင်ကတော့ ကားပေါ်ယူသွားလို့မရဘူး ထားခဲ့ရတာ။”လို့ အထက်ပါ အမျိုးသမီးက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မှတ်ပုံတင်ပါအသက်ကိုတွက်ချက်ပြီး အသက် ၂၀ နဲ့ ၃၀ ကျော်အကြားအရွယ် အမျိုးသား ၃၀ ကျော်ကို ရွေးချယ်ဖမ်ဆီးသွားတာဖြစ်ကာ အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသားတွေကိုတော့ ဖမ်းဆီးမသွားတာကြောင့် စစ်မှုထမ်းဖမ်းဆီးခေါ်ဆောင်ခံရတာဖြစ်နိုင်တယ်လို့ ၎င်းက သုံးသပ်ပြောပါတယ်။

ဖမ်းဆီးခေါ်ဆောင်ခံရသူတွေရဲ့ မှတ်ပုံတင်တွေနဲ့ ကိုင်ဆောင်တဲ့မိုလ်ဘိုင်းဖုန်းတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးထံအပ်နှံခဲ့ရပြီး ဖမ်းဆီးမှု ၁ နာရီကျော်ကြာလို့ ကား ၂ စီးပေါ် လူပြည့်သွားပြီးတဲ့နောက် တံတားကိုပြန်လည်ဖြတ်သန်းခွင့်ပြုခဲ့ကာ ၎င်းတို့ စစ်ကားနဲ့ ဖမ်းဆီးထားသူတွေတင်ဆောင်ထားတဲ့ လိုက်ထရပ်ကား ၂ စီးက စစ်ကိုင်းမြို့ဘက်ကို ဦးတည်မောင်းနှင်သွားခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတံတားပေါ်က စစ်ကောင်စီတပ်တွေရဲ့ အဓမ္မဖမ်းဆီးမှုကြောင့် ဇူလိုင် ၁၀ ရက်အတွက် မုံရွာ-မန္တလေးခရီးစဥ် ကားလက်မှတ်ဖြတ်ထားတဲ့ အရေးကြီးကိစ္စမရှိသူခရီးသည်အမျိုးသားတွေကို ကားဂိတ်တွေကတဆင့် ဆက်သွယ်ကာ ရက်နောက်ဆုတ်ပေးခဲ့တယ်လို့ အဝေးပြေးကားမောင်းနှင်သူတွေဆီကနေ စုံစမ်းသိရပါတယ်။

အဆိုပါ ဖမ်းဆီးမှုနဲ့ပတ်သက်ပြီး ဇူလိုင် ၁၀ ရက်မှာ မန္တလေးမြေပြင်ကင်းထောက် MDY Revolution အဖွဲ့ကလည်း သတင်းထုတ်ပြန်ထားတာကို တွေ့ရှိရပါတယ်။

စာတည်း – ဟိန်းစံ၊ တည်းဖြတ် – HP

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။