ရွှေဘို၊ ဇူလိုင် ၁၂၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းက စစ်ကောင်စီတပ်နဲ့ပျူစောထီး ပူးပေါင်းအထိုင်စခန်း ၄ ခုကို သိမ်းပိုက်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း ဒုတပ်ရင်းမှူး ၁ ဦးအရှင်ဖမ်းမိကာ လက်နက်၊ ခဲယမ်းအများအပြားသိမ်းယူနိုင်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
ဇူလိုင် ၄ ရက် မနက် ၅ နာရီခန့်ကစတင်ကာ စခန်း ၃ ခုပေါင်း အင်အား ၁၄၀ ခန့်ရှိတဲ့ ဟင်္သာကြီးကျေးရွာရှိ စစ်တပ်စခန်းကုန်း၊ ဘိုးနတ်တောင်စခန်းကုန်းနဲ့ တောင်လှစခန်းကုန်းတွေကို ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေဘက်က တပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
” (ဟင်္သာကြီး)ရွာထဲရောက်မှ သူပစ်ကိုယ်ပစ်ကြတာ။ စခန်း ၃ ခုလုံးကိုအဖွဲ့တွေ ခွဲခွဲပြီး တပြိုင်နက်တည်းဝင်လုံးတာ။ * *တွေဘက်ကဆို သေဆုံးများတယ်။ အချို့အလောင်းဆို နေရာဝင်ထိုင်ရတော့ ပုပ်စော်နံမှာစိုးလို့တခါတည်းရှင်းရတာ”လို့ ရွှေဘိုခရိုင်တပ်ရင်း ၂၃ IO(ထောက်လှမ်းရေး) အမျိုးသမီးက မြေလတ်အသံကို ပြောပါတယ်။
စစ်ကောင်စီစခန်း ၃ ခုအနက် ဟင်္သာကြီးနဲ့ ဘိုးနတ်တောင်စခန်းကုန်းတို့ကို ညနေ ၃ လောက်မှာ သိမ်းဆည်းနိုင်ခဲ့ပြီး တောင်လှစခန်းကုန်းကိုတော့ ဇူလိုင် ၅ ရက်မနက်ပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အထက်ပါစခန်း ၃ ခုကနေ ဆုတ်ခွာထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဘိုးထွန်းကျော် ဗျူဟာစခန်းကုန်းမှာ သွားရောက်ပူးပေါင်းခဲ့တာကြောင့် ၎င်းစခန်းကုန်းကိုဆက်လက်တိုက်ခိုက်ခဲ့ရာ ဇူလိုင် ၇ ရက်မှာ ထပ်မံသိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ စခန်းတွေပတ်လည်မှာ မိုင်းအလုံး ၃၀၀ ကျော်ထောင်ထားပြီး ဗန်ကာတွေနဲ့ အခိုင်အမာတပ်စွဲထားတာကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ အနီးကပ်ရင်ဆိုင် တိုက်ခိုက်ခဲ့ရတယ်လို့ ဆိုပါတယ်။
ရွှေဘိုခရိုင် ၉၇၀၆ တပ်ရင်းက ရှေ့တန်းတပ်ဖွဲ့ဝင် ၁ ဦးက“ကျည်ပေါက်တာ အရမ်းများတယ်။ ဖိုက်တာနဲ့လည်း လာကြဲတယ်။ ကျနော်တို့ရဲဘော်တွေအကုန်လုံး အသေခံဝင်လုံးပြီး အရတိုက်ခဲ့ရတာ”လို့ ပြောပါတယ်။
အဆိုပါ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ၉ ဦးသေဆုံးခဲ့ကာ ဟင်္သာကြီးကျေးရွာထဲကနေ ကျောက်မြောင်းအခြေစိုက် ခမရ ၁၂ ဒုတပ်ရင်းမှူး ဗိုလ်မှူး ချမ်းလွင်မောင်ကို ဒဏ်ရာရလျက် အရှင်ဖမ်းမိခဲ့ပြီး သိမ်းဆည်းရမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လက်နက်တွေဟာ များပြားတာကြောင့် အရေအတွက်စိစစ်ဆဲဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ တိုက်ပွဲဖြစ်ပွားရာနေရာတွေကို စစ်ဆင်ရေးနယ်မြေအဖြစ်သတ်မှတ်ကာ မိုင်းရှင်းလင်းရေးနဲ့ နယ်မြေရှင်းလင်းရေး လုပ်ငန်းတွေလုပ်နေပြီး ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေဘက်ကလည်း ထိခိုက်ဒဏ်ရာရသူ ၇ ဦးထက်မနည်းရှိခဲ့ပြီး ရွေဘိုခရိုင် အမှတ် ၂၃ တပ်ရင်းက တပ်ဖွဲ့ဝင် ၄ ဦးဖြစ်တဲ့ ပိုင်ဇေ၊ သူရိန်၊ ရောင်နီ၊ အေစီတို့ တိုက်ပွဲကျသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒီဗျူဟာကုန်းတွေဟာ ကျောက်မြောင်းအခြေစိုက် ခမရ ၁၂ တပ် စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေရှိတဲ့ မခေါက်ကျေးရွာတွေအနီးမှာရှိပြီး စစ်တပ်အားထားရတဲ့ ပျူစောထီးကျေးရွာနဲ့ ဗျူဟာကုန်းတွေဖြစ်ပါတယ်။
တိုက်ခိုက်မှုကိုတော့ ရွှေဘိုခရိုင်တပ်ရင်း ၁၅၊ ၁၈၊ ၂၃၊ ၂၆၊ ၁၇၀၁၊ ၉၇၀၆ တပ်ရင်းတွေနဲ့ Brave Brothers (Local PDF)၊ တိုက်နယ် ၄ ရွှေဘိုကျားကြီး(ပကဖ)တို့ စုပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စာတည်း – မြတ်၊ တည်းဖြတ် – HP