ဗုံးကြဲချိန် လူဒါဇင်နဲ့ချီသေဆုံးခဲ့တဲ့ အိုးတိန်တွင်းရွာကို ကျပ်သိန်း ၁ ထောင်ထောက်ပံ့ (ရုပ်/သံ)

0 32
0 32

အိုးတိန်တွင်း၊ ဇူလှိုင် ၉၊ ၂၀၂၅။

စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးသူငယ်တွေအပါ လူပေါင်းဒါဇင်ကျော် သေဆုံးခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာရှိ အိမ်ထောင်စုတွေကို ငွေထောက်ပံ့ပေးခဲ့တယ်လို့ S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ဆီက သိရပါတယ်။

အိုးတိန်တွင်းကျေးရွာရှိ အိမ်ထောင်စု ၂၅၀ အတွက် ၁ အိမ်ထောင်ကို ကျပ် ၄ သိန်းကျော် (၄၄၃,၀၀၀) နှုန်းနဲ့ စုစုပေါင်း သိန်း ၁,၀၀၀ ကျော်ထောက်ပံ့ခဲ့တာဖြစ်ပြီး ဒီထောက်ပံ့ငွေတွေဟာ ပြည်သူတွေရဲ့လှူဒါန်းမှုကတဆင့် ရရှိထားတဲ့ငွေတွေဖြစ်တယ်လို့ S&C မှ တာဝန်ရှိသူ ကိုစိုးမိုးအောင်က ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုပြီးခဲ့ပြီးနောက် S&C အဖွဲ့အနေနဲ့ အဲ့ဒီရွာကို သွားရောက်ထောက်ပံ့ပေးခဲ့တာဟာ ယခု ၁ ကြိမ်အပါအဝင် စုစုပေါင်း ၃ ကြိမ်မြောက်ရှိခဲ့ပြီလို့ ဆိုပါတယ်။

“စဖြစ်ကတည်းကဆို ၃ ကြိမ်ရှိပါပြီ၊ သွားရောက်လှူဒါန်းတာ ပထမအကြိမ် dream bed တွေပါ။ ဒုတိယအကြိမ် ဒဏ်ရာရတွေအတွက် ငွေကြေးပါ၊ အခုအကြိမ်က တရွာလုံးအကုန်ငွေသား ထောက်ပံ့ပေးခဲ့တာပါ”လို့ S&C မှ တာဝန်ရှိသူ ကိုစိုးမိုးအောင်ကဆိုပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းသား၊ ကျောင်းသူ ၃၅ ဦး ခြေ၊ လက်အင်္ဂါဆုံးရှုံးခဲ့ရပြီး အဲ့ဒီထဲက ၁၃ ဦးကတော့ ဆေးကုသမှုခံယူနေရဆဲလို့လည်း သိရပါတယ်။

“အခုကဒဏ်ရာရသူတွေ တချို့ကဆေးကုနေရတုန်း၊ တချို့ကတော့ ဆေးရုံကဆင်းပါပြီ။ ဆေးရုံက ဆင်းခဲ့ပေမယ့် အခုချိန်ထိဒဏ်ရာတွေမပျောက်သေးဘူးဗျ။ တချို့ကသေရာပါဒဏ်ရာတွေ မသန်စွမ်းတွေ ဖြစ်သွားကြပါတယ်”လို့ ဆိုပါတယ်။

ရွာခံတွေအနေနဲ့ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပြီးကတည်းက ကျောင်းထဲနဲ့ အနီးနားတဝိုက်ကို လာဖို့၊ ကြည့်ဖို့ စိုးရိမ်စိတ်‌ချောက်ချားစိတ်တွေ ဖြစ်နေကြတယ်လို့လည်း ဆိုပါတယ်။

“စိတ်ထဲတော့ ချောက်ချားနေကြတယ်၊ အဲ့ကျောင်းဝန်းထဲမှာ ငွေဝေတာကြောင့် အခုမှလာကြတာ။ လာမကြည့်ရဲတာတွေရော စိတ်ထိခိုက်ကြတာတွေရောကြောင့် မလာကြဘူး။ တရွာလုံး အဲ့ကျောင်းထဲမှာ ဖိတ်ခေါ်ငွေဝေလိုက်မှ သူတို့လည်း နည်းနည်းပြန်ပြီး ဖြေသိမ့်နိုင်တဲ့သဘောမှာရှိကြတယ်။ သူတို့ကိုတော့ ငွေကြေးထောက်ပံ့ရင်း အားမငယ်ဖို့နဲ့ ဆက်လက်ကူညီနိုင်ဖို့တွေအတွက် ကြိုးစားပေးမယ်လို့အားပေးခဲ့ပါတယ်”လို့ S&C မှ တာဝန်ရှိသူ ကိုစိုးမိုးအောင်ကဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းရွာစာသင်ကျောင်းကို ပြီးခဲ့တဲ့ မေ ၁၂ ရက် မနက် ၉ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး ၁ လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် စုစုပေါင်းကျောင်းသား၊ ကျောင်းသူ ၄၈ ဦးနဲ့ ဆရာမ ၂ ဦး သေဆုံးခဲ့တယ်လို့ ကိုစိုးမိုးအောင်က ပြောပါတယ်။

စာတည်း – လင်း၊ တည်းဖြတ် – M

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။