myaelatt athan

Sharing Information to the Local

⁨ဗကသများအဖွဲ့ချုပ်နဲ့ သပိတ်စစ်ကြောင်းတွေကပြုလုပ်ခဲ့တဲ့ ဆဲဗင်းဇူလိုင်အခမ်းအနားနဲ့ လူထုသပိတ်(ရုပ်/သံ)

0 11
0 11

ကျော်စွာ၊ သိုက်ထွန်း

မြေလတ်အသံ၊ ဇူလိုင် ၈၊ ၂၀၂၅။

ကနီ၊ ယင်းမာပင်နဲ့ဘုတလင်မြို့နယ် ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)တွေပူးပေါင်းပြီး ၆၃ နှစ်မြောက် ဆဲဗင်းဇူလိုင်အခမ်းအနားကို စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တနေရာမှာ ပြုလုပ်ခဲ့တယ်လို့ ဗကသများအဖွဲ့ချုပ်ထံက သိရပါတယ်။

အခမ်းအနားကို ဒေသတွင်းအုပ်ချုပ်ရေး၊ ကာကွယ်ရေးနဲ့လုံခြုံရေးအဖွဲ့ဝင်တွေအပါ အင်အား ၆၀ကျော် တက်ရောက်ခဲ့ပြီး သမဂ္ဂအလံကိုအလေးပြုတာ၊ အခင်း ဖြစ်ပွားခဲ့တဲ့ ၁၉၆၂ ဇူလိုင်လ ၇ ရက် အကြောင်းဟောပြောတာ၊ ဒေသတွင်း ပအဖ၊ ပကဖ၊ ပလဖ( ပသုံးလုံး)ယန္တရားနဲ့တွေ့ဆုံဆွေးနွေးတာ၊ ဆဲဗင်းဇူလိုင်အထိမ်းအမှတ် ကဗျာရွတ်ဆိုတာနဲ့ မြို့နယ် ၃ ခုက သမဂ္ဂကျောင်းသားထု တွေ့ဆုံဆွေးနွေးတာတွေပြုလုပ်ခဲ့ကြပါတယ်။

“ ၁၉၆၂ က တော်လှန်ရေးဟာ စစ်အာဏာရှင်စနစ်တခုတည်းကို တော်လှန်ခြင်းမဟုတ်ဘူး၊ ဒီမိုကရေစီပညာရေးအတွက်ပါ တိုက်ပွဲဝင်ခဲ့တယ်ဆိုတာကို အထင်းသားမြင်နိုင်တယ်၊ ကျောင်းသားတွေရဲ့ ရပိုင်ခွင့်၊ ကျောင်းသားအရေးကို ရဖို့တော်လှန်ခဲ့ကြတယ်။ အဲ့ဒီကတည်းက တော်လှန်ရေးသည် အခုအခြေအနေထိ အခုချိန်ထိ တော်လှန်နေခြင်းဖြစ်တယ်”လို့ ဗကသများအဖွဲ့ချုပ်လူထုလုပ်ငန်းကော်မတီဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

အခမ်းအနားပြီးဆုံးပြီးနောက် ဗကသများအဖွဲ့ချုပ်က တက်ရောက်လာတဲ့လူထုကို လက်နက်ကြီးနဲ့ လေကြောင်းအန္တရာယ်သတိပေးစာဖြန့်ဝေတာနဲ့ အသိပညာပေးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အလားတူ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းမှာ ဆဲဗင်းဇူလိုင်အရေးအခင်း ၆၃ နှစ်ပြည့် အထိမ်းမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုသပိတ်တိုက်ပွဲ ပြုလုပ်ခဲ့ပါတယ်။

အဆိုပါလူထုသပိတ်လှုပ်ရှားမှုကို ဇူလိုင် ၇ ရက် ညနေပိုင်းမှာ ချီတက်ခဲ့ကြပြီး “ ၇.၇.၆၂ မမေ့ကြနဲ့၊ 7 July” စတဲ့ ဓာတ်ပုံ၊ ဘန်နာတွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ကြတာလို့ ဆိုပါတယ်။

” ကျောင်းသားသမဂ္ဂအဆောက်အအုံဖြိုခွင်းခံခဲ့ရပြီး၊ ကျောင်းသားတွေအများအပြားအသက်ပေးခဲ့ရတာတွေ ပြည်သူတွေမမေ့ဖို့နဲ့ သမိုင်းမကွယ်ပျောက်ဖို့ ရည် ရွယ်ချက်ရယ်၊ စစ်အာဏာရှင်ဟာ ခေတ်အဆက်ဆက်ပြည်သူကို ဒုက္ခပေးနေတာဆိုတဲ့အသိ ပြည်သူတွေကိုသိစေချင်နဲ့ ရည်ရွယ်ချက်နဲ့ သပိတ်ပြုလုပ်ခဲ့တာဖြစ်တယ်” လို့ ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်ကော်မတီဝင်တဦးက ပြောပါတယ်။

အဆိုပါ လူထုသပိတ်ကို ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံလူထုသပိတ်ဦးဆောင်ကော်မတီ၊ လူငယ့်အားမာန်၊ ပြည်သူ့အားမာန်၊ နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး၊ အောင်လံလွှင့်မည် ရွှေရေကြည်၊ အောင်လံလွှင့်မည် ဒေါင်းသွေးနီ၊ သွေးမအေးတဲ့ရွှေနွယ်သွေးစတဲ့ သပိတ်စစ်ကြောင်းတွေနဲ့ ဒေသခံပြည်သူတွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

တည်းဖြတ် – HP

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။