myaelatt athan

Sharing Information to the Local

⁨⁨ရွှေဘိုက စစ်ကောင်စီနဲ့ပျူစခန်း ၃ ခု တိုက်ခိုက်ခံရလို့ နှစ်ဖက်သေဆုံးမှုရှိ (ရုပ်/သံ)

ရွှေဘို၊ ဇွန် ၃၀၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဟင်္သာကြီးကျေးရွာရှိ ပျူစောထီးစခန်း၊ စစ်ကောင်စီစခန်းကုန်းနဲ့ ဘိုးနတ် တောင် စစ်ကောင်စီစခန်းတို့ကို တိုက်ခိုက်မှုမှာ နှစ်ဖက်ထိခိုက်သေဆုံးရှိခဲ့တယ်လို့ ဇွန် ၂၉ ရက်မှာ ရွှေဘိုမြို့နယ်ပကဖက သတင်းထုတ်ပြန်ပါတယ်။

ဇွန် ၂၈ ရက် မနက် ၆ နာရီ ၃၀ မိနစ်ခန့်မှာ ဘိုးနတ်တောင်စခန်းကုန်းကို ဒရုန်းချတိုက်ခိုက်သလို အင်အား ၇၀ ခန့်ရှိနေတဲ့ ကျန်တပ်စခန်းနေရာ ၂ ခုကို တပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။

“တိုက်ပွဲက ၃ နာရီလောက်ထိ ကြာသွားတာက ကုန်းကိုဖြိုတာက နည်းနည်းကြာသွားတာ။ ဘန်ကာတွေကကောင်းတာကိုး။ ကုန်းကအမြင့်လည်းဖြစ်တော့ သူတို့က ဗုံးသီးလိမ့်ချတာ။ ဖြိုရတာအတော်ကြာသွားတာ”လို့ ရွှေဘိုမြို့နယ်ပကဖတာဝန်ရှိသူက ပြောပါတယ်။

တိုက်ပွဲအတွင်းမှာ ဟင်္သာကြီးကျေးရွာအတွင်းက ဘန်ကာ ၅ နေရာကို သိမ်းပိုက်နိုင်ခဲ့ပြီး ကျေးရွာထဲရှိ စစ်ကောင်စီစခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်ခါနီးမှာ ကျောက်မြောင်း ခမရ ၁၂၊ ရွှေဘို ခလရ ၄၂ မှ ဟောင်ဝစ်ဇာ ၁၀၅ မမ၊ ၁၂၀ မမ တို့နဲ့ အကြိမ်ကြိမ် ပစ်ကူပေးခဲ့သလို စစ်ကူအင်အား ၁၀၀ ကျော်နဲ့ ဝင်ရောက်လာတာကြောင့် ပြန်ဆုတ်ပေးလိုက်ရတယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်းမှာ အရာခံဗိုလ် ၁ ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ပျူစောထီး ၂၄ ဦးသေဆုံးတာကို မျက်မြင်တွေ့ရှိမှုနဲ့ ဒေသခံသတင်းပေးတွေရဲ့ သတင်းပေးပို့ချက်အရ အတည်ပြုထားနိုင်တယ်လို့ ဆိုပါတယ်။

ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေဘက်ကတော့ အသက် ၂၀ ကျော်အရွယ်ရှိ ပလိုင်းကျေးရွာပကဖ အဖွဲ့ဝင် ၁ ဦး၊ ကံသာ ကျေးရွာပကဖ အဖွဲ့ဝင် ၁ ဦး စုစုပေါင်း ၂ ဦးသေဆုံးခဲ့သလို တိုက်နယ် ၅ ပကဖ က ၂ ဦး၊ တိုက်နယ် ၂ ပကဖ အဖွဲ့ဝင် ၁ ဦး၊ တိုက်နယ် ၄ ပကဖ အဖွဲ့ဝင် ၁ ဦးတို့ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း ပျူစောထီးနဲ့စစ်ကောင်စီအဖွဲ့ဝင်တွေ ကိုင်ဆောင်တဲ့ ကာဘိုင် ၂ လက်၊ ကိုးလုံး ၁ လက်၊ G 3 ၁ လက်၊ ကိုးလုံးကျည် ၆၆ တောင့်၊ G 3 ကျည် ၆၃၅ တောင့်နဲ့ ကျည်အိမ် ၄ ခုသိမ်းဆည်းရမိခဲ့ပြီး ပျူစောထီးစခန်းလုပ်ထားတဲ့နေရာတွေကို မီးရှို့ခဲ့တယ်လို့ သိရပါတယ် ။

ဒါ့အပြင် ဟင်္သာကြီးကျေးရွာအတွင်းက အမျိုးသမီး၊ ကလေးငယ်တွေအပါအဝင် ၁၈ ဦးဖမ်းဆီးရမိခဲ့ပေမယ့် စစ်ရေးအခြေနေတွေအရ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကိုတော့ ရွှေဘိုမြို့နယ်ပကဖတာဝန်ခံရဲ့ ကွပ်ကဲမှုနဲ့ ရွှေဘိုမြို့နယ်ပကဖ တိုက်ခိုက်ရေးအဖွဲ့၊ တိုက်နယ်(၂)(၄)(၅) ပကဖတိုက်ခိုက်ရေးအဖွဲ့နဲ့ မဟာမိတ်အဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

တည်းဖြတ် – HP

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။