ရွှေဘို၊ ဇွန် ၂၆၊ ၂၀၂၅။
ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်း၊ နယ်စည်းမခြားတော်လှန်ရေးအင်အားစုရဲ့ အပတ်စဥ် ၁ မွမ်းမံသင်တန်းဆင်းပွဲကို ဇွန် ၂၅ ရက်မှာပြုလုပ်ခဲ့တယ်လို့ အဲ့ဒီတပ်ရင်းဆီက သိရပါတယ်။
သင်တန်းဆင်းပွဲကို စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်ထဲမှာပြုလုပ်ခဲ့တာဖြစ်ပြီး တဆက်တည်းမှာပဲ သင်တန်းဆင်းတပ်ဖွဲ့ဝင်တွေကို ယူနီဖောင်းတပ်ဆင်ပေးကာ ရှမ်း-မန်းစစ်ဆင်ရေးကပြန်လာတဲ့ တပ်ဖွဲ့ဝင်တွေကို ဂုဏ်ပြုဆုငွေပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။
“သင်တန်းဆင်းပွဲမှာ ကျည်ကာဦးထုပ်၊ ယူနီဖောင်း၊ ကျည်ကာအင်္ကျီတွေကိုပေးအပ်ခဲ့ပြီး ရှမ်းမန်းစစ်ဆင်ရေးကပြန်လာတဲ့ ရဲဘော်တွေကို ဂုဏ်ပြုဆုငွေ ၁ သိန်းကျပ်နဲ့ ရှမ်းမန်းစစ်ဆင်ရေးကိုမပါတဲ့ ရဲဘော်တွေကို ဗလာမပါကံစမ်းမဲတွေ ဖောက်ပေးခဲ့တယ်။”လို့ ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်း၊ နယ်စည်းမခြား တော်လှန်ရေးအင်အားစု ပြောရေးဆိုခွင့်ရှိသူ နေမျိုးပဲခူးက ပြောပါတယ်။
ဒီသင်တန်းကို အခုနှစ်မေ ၂၄ ရက်ကနေ ဇွန် ၂၅ ရက်ထိပြုလုပ်ခဲ့ပြီး သင်တန်းပြီးဆုံးတဲ့နေ့မှာပဲ သင်တန်းဆင်းပွဲပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။
စုစုပေါင်း သင်တန်းသားအဟောင်း ၁၀၀ ကျော်ပါဝင်တက်ရောက်ခဲ့ပြီး အတွေ့အကြုံရှိနည်းပြဆရာတွေက ပြန်လည်သင်ကြားပေးခဲ့တယ်လို့ ပြောပါတယ်။
သင်တန်းဆင်းပွဲကို ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်းက တပ်ရင်းမှူး၊ ရွှေဘိုခရိုင် အမှတ် ၂၃ တပ်ရင်းက တပ်ရင်းမှူး၊ ရွှေဘိုခရိုင် ၁၇၀၁ ထောက်ပို့တပ်ရင်းက ဒုတပ်ရင်းမှူးနဲ့ ရွှေဘိုခရိုင် အမှတ် ၉၇၀၆ တပ်ရင်းက တပ်ရင်းမှူးတို့ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
စာတည်း – လင်း၊ တည်းဖြတ် – M