myaelatt athan

Sharing Information to the Local

ရေစကြိုမှာ စစ်ကြောင်းကိုကြားဖြတ်တိုက်မှု ဗိုလ်ကြီးအပါ ၉ ဦးသေဆုံးပြီး ၉ ဦးအရှင်မိ (ရုပ်/သံ)

ရေစကြို၊ မတ် ၁၊ ၂၀၂၅။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ်အရှေ့ဘက် ရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီခြေလျင်အင်အား ၂၀၀ ကျော်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၃ ပွင့်ဗိုလ်အပါအဝင် ဒဏ်ရာရသူတွေနဲ့ ထိခိုက်သေဆုံးမှုတွေ အရှင်ဖမ်းဆီးမိတာတွေ ရှိခဲ့တယ်လို့ Myingyan Black Tiger-MBT မြင်းခြံခရိုင်တပ်ရင်း ၉ ဆီက သိရပါတယ်။

အဆိုပါ အင်အား ၂၀၀ ကျော်ပါစစ်ကြောင်းကို ဖေဖော်ဝါရီ ၂၆ ရက် မနက် ၈ နာရီကနေ ညနေ ၃ နာရီအထိ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ်အရှေ့ဘက် ရေလယ်ကျွန်းသောင်ပြင်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းပစ်ကူတာတွေလုပ်ခဲတယ်လို့ Myingyan Black Tiger-MBT မြင်းခြံခရိုင်တပ်ရင်း ၉ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

စစ်ကောင်စီဘက်က အဆိုပါ ခြေလျင်စစ်ကြောင်း ပြန်လည်ဆုတ်ခွာနိုင်ဖို့ကို ရေစကြိုမြို့ပေါ်ကနေ ဟောင်ဝစ်ဇာတွေအပါဝင် ၆၀ မမလက်နက်ကြီးတွေနဲ့ပါ ပစ်ပေးသလို လေကြောင်းကလည်း ဂျက်ဖိုက်တာ ၁ စီး Mi 35 ၁ စီးနဲ့ မနက် ၉ နာရီလောက်က ပစ်ကူပေးခဲ့တယ်လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ချိန် မနက် ၈ နာရီကနေ ညနေ ၃ နာရီအတွင်း စစ်ကောင်စီဘက်က ၃ ပွင့်ဗိုလ် ၁ ဦးအပါဝင် ၉ ဦးသေဆုံးကာ ၂၀ ကျော်ဒဏ်ရာရပြီး ၉ ဦးအရှင်ဖမ်းခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ၆၀ မမ ၁ လက်၊ RPG 7 ၁ လက်၊ လက်နက်ငယ်အချို့နဲ့ ခဲယမ်းတွေသိမ်းဆည်းရခဲ့ကာ Myingyan Black Tiger-MBT မြင်းခြံခရိုင်တပ်ရင်း ၉ ရဲဘော် ၂ ဦးနဲ့ ညီနောင်မဟာတွေဘက်ကလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဗိုလ်မိုက်ခဲက ပြောပါတယ်။

အဲ့ဒီ အင်အား ၂၀၀ ကျော်ပါခြေလျင်စစ်ကြောင်းဟာ ခမရ ၂၅၆၊ ခမရ ၂၅၇၊ ခမရ ၂၅၈ တပ်က စစ်သားတွေဖြစ်ပြီး ပြည်သူစစ်တွေနဲ့ ပျူစောထီးတွေ ဖြစ်တယ်လို့ သိရပါတယ်။

ထိုပစ်ခတ်တိုက်ခိုက်မှုကို Myingyan Black Tiger-MBT မြင်းခြံခရိုင်တပ်ရင်း ၉၊ မြောင်တပ်ပေါင်းစု၊ Royal Brother Defence Force (RBDF)၊ သွေးသောက်တပ်ဖွဲ့၊ ရေစကြိုမြို့နယ် (ပလဖ)၊ MSPDF နဲ့ အခြားညီနောင်မဟာမိတ်တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ စစ်ကောင်စီစစ်ကြောင်းဟာ ရေစကြိုမြို့နယ်၊ ငြိမ်းဇာနည်တပ်စခန်းရဲ့ သောင်ပြင်အရှေ့ဘက်မှာ အင်အားထပ်ဖြည့်ထားကာ စစ်ကြောင်းထပ်ထိုးလာရင်တော့ တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်လို့ ကာကွယ်ရေးအဖွဲ့တွေက ပြောဆိုထားပါတယ်။

တည်းဖြတ် – ငြိမ်းဇော်

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။