PDF ဂိတ်ကို စီးနင်းထားတဲ့စစ်ကောင်စီတပ်နဲ့ ဂိတ်ဖွင့်ဖို့လာတဲ့ PDF တွေ တိုက်ပွဲဖြစ်(ရုပ်/သံ)

1 11
1 11

မြင်းခြံ၊ ဇွန် ၃၊ ၂၀၂၅။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မြင်းခြံ-နဘူးအိုင်လမ်းပိုင်းရှိ တူရွင်းဘိုကျေးရွာအနီးက PDF စစ်ဆေးရေးဂိတ်ကို စီးနင်းတဲ့ စစ်ကောင်စီအဖွဲ့တိုက်ခိုက်ခံရပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုရှိတယ်လို့ အညာဒေသတော်လှန်ရေးအင်အားစုထံက သိရပါတယ်။

ဇွန် ၂ ရက် ယမန်နေ့မနက် ၆ နာရီခန့်မှာ PDF စစ်ဆေးရေးဂိတ်မှာ ရောက်ရှိနေတဲ့ အရပ်ဝတ်နဲ့ စစ်ကောင်စီတပ်၊ ပျူစောထီးပူးပေါင်းအင်အား ၇၀ ခန့်နဲ့ ၎င်းစစ်ဆေးရေးဂိတ်ကို ဖွင့်ဖို့လာတဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေအကြား ညနေပိုင်းအထိ ထိတွေ့တိုက်ပွဲတနေကုန်နီးပါးဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

” ဒီကောင်တွေက ကျနော်တို့ဂိတ်ကိုဝင်စီးတာ။ အဲ့လိုအချိန်မှာ ကျနော်တို့က ဂိတ်ကိုသွားတုန်း သူတို့က ကြိုရောက်နေတာ။ ကျနော်တို့က (တခြား) အဖွဲ့တွေကိုလိုက်ချိတ်တော့ သူတို့မဟုတ်ဘူး။ * *ဘဲဆိုတာ သေချာတော့ ဘက်တယ်(တိုက်ပွဲ) စဖြစ်တာ” လို့ အညာဒေသတော်လှန်ရေးအင်အားစုတာဝန်ခံက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦး ထက်မနည်းသေဆုံးခဲ့တယ်လို့ ပြောဆိုပေမယ့် မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးဘဲ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က ပြည်သူ့ကြယ်တပွင့်တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးကာ အညာဒေသတော်လှန်ရေးအင်အားစုက ၁ ဦး၊ နဂါးနီပြောက်ကြားတပ်နဲ့ မြင်းခြံမြို့နယ်ပကဖတပ်ဖွဲ့က ၅ ဦး စုစုပေါင်း ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲက တနေကုန်နီးပါးကြာမြင့်ခဲ့တာကြောင့် စစ်ကောင်စီတပ်ကို ထပ်မံတိုက်ခိုက်ဖို့ တပ်ဖွဲ့အနေနဲ့ ကျည်ဆန်လိုအပ်ချက်ရှိနေပြီး ပြည်သူတွေအနေနဲ့ ကျည်ဆန်ပြန်လည်ဝယ်ယူဖြည့်တင်းနိုင်ဖို့ ကူညီထောက်ပံ့မှုတွေပေးကြဖို့ အကူအညီတောင်းခံကြောင်း သူကဆက်ပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို အညာဒေသတော်လှန်ရေးအင်အားစု၊ ရွှေခြံသား၊ နဂါးနီ၊ MP 9၊ ပြည်သူ့ ကြယ်တပွင့်၊ မြင်းခြံမြို့နယ်ပကဖ၊ မြင်းခြံခရိုင် ဒရုန်းတပ်ဖွဲ့၊ မြင်းခြံခရိုင်တပ်ရင်း ၂၊ Wolf Guerrilla Force အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

အဆိုပါတိုက်ပွဲဖြစ်ပွားချိန် အိမ်ခြေ ၅၀၀ ကျော် လူဦးရေ ၂,၀၀၀ ဝန်းကျင်ရှိတဲ့ တူရွင်းဘိုကျေးရွာဒေသခံတွေဟာ ရွာလုံးကျွတ်ထွက်ပြေးကြရပြီး တိုက်ပွဲပြီးနောက်မှာ အများစုက ကျေးရွာကို ပြန်ဝင်လာကြပြီလို့ သိရပါတယ်။

စာတည်း – ဟိန်းစံ၊ တည်းဖြတ် – HP

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။