မန္တလေး၊ ဇွန် ၁၊ ၂၀၂၅။
ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ရဲ့ ဗဟိုကော်မတီဝင် တပ်မှူး ရဲဘော်ခွန်စိုင်း (ခေါ်) ဗိုလ်ဒေါင်းဟာ စစ်ကောင်စီကိုတိုက်ခိုက်ရင်း ကျဆုံးသွားခဲ့ပြီး မေ ၃၁ ရက်မှာ ဈာပနအခမ်းအနားပြုလုပ်ပြီးခဲ့တယ်လို့ ရတနာပုံတော်လှန်ရေးအဖွဲ့ YRF ဆီကနေ သိရပါတယ်။
မေ ၂၈ ရက်က စစ်ကောင်စီစခန်းကိုဝင်ရောက်တိုက်ခိုက်ရင်း တပ်မှူးခွန်စိုင်း (ခေါ်) ဗိုလ်ဒေါင်းဟာ လက်နက်စထိမှန်ကာ ကျဆုံးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီကိုတိုက်ခိုင်ရင်း ကျဆုံးသွားခဲ့တဲ့ တပ်မှူးခွန်စိုင်းဟာ အသက် ၂၃ နှစ်အရွယ်ရှိပြီး စစ်အာဏာသိမ်းပြီးနောက် စစ်သင်တန်းတက်ခဲ့ပြီး၂၀၂၁၊ ဧပြီလလောက်မှာစစ်သင်တန်းဆင်းကာ ၂၀၂၂ ခုနှစ်မှာတော့ မန္တလေးမြို့ပေါ် မြို့ပြပြောက်ကျား UG အဖြစ်လုပ်ကိုင်ရင်း ရတနာပုံတပ်ဖွဲ့ရဲ့တပ်မှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့တယ်လို့ သိရပါတယ်။
“တော်လှန်ရေးကာလတလျောက်လုံးမှာ သူလုပ်နိုင်တဲ့တာဝန်မှန်သမျှ အကုန်လုပ်ခဲ့တယ်။ အမှတ်တရတွေတော့ အများကြီးပဲပေါ့ဗျာ။ တိုက်ပွဲရဲ့ ရှေ့တန်းတနေရာမှာ ကျဆုံးသွားတာပါ။ တော်လှန်ရေးသိက္ခာက အသက်ထက်အရေးကြီးတယ်ဆိုတာ သူသက်သေပြသွားနိုင်ခဲ့တယ်။”လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။
တပ်မှူးခွန်စိုင်း ကျဆုံးသွားခဲ့တဲ့ ရှေ့တန်းနေရာနဲ့ သေဆုံးနိုင်လောက်တဲ့အထိ ရရှိခဲ့တဲ့ဒဏ်ရာအခြေအနေ အသေးစိတ်ကိုတော့ လုံခြုံရေးအရမပြောပြနိုင်သေးဘူးလို့ သူကဆက်ပြောပါတယ်။
တပ်မှူးခွန်စိုင်းရဲ့နာရေးကို ကျန်ရစ်တဲ့တပ်ဖွဲ့ဝင်တွေနဲ့အတူ ဒေသခံတွေလည်း ဦးညွှတ်ဂုဏ်ပြုခဲ့ကြတယ်လို့ သိရပါတယ်။
တပ်မှူးခွန်စိုင်း ခေါ် ဗိုလ်ဒေါင်းဟာ နိုင်ငံရေးအရတက်ကြွသူတဦးဖြစ်ခဲ့ပြီး လူထုသပိတ်တိုက်ပွဲတွေကိုလည်း ဦးဆောင်သူတဦးအဖြစ်ပါဝင်ကာ စစ်အာဏာရှင်ကို ရဲရဲဝံ့ဝံ့ဆန့်ကျင်တော်လှန်ခဲ့သူဖြစ်တယ်လို့ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ YRFက ထုတ်ပြန်ထားပါတယ်။
စာတည်း – လင်း၊ တည်းဖြတ် – HP