myaelatt athan

Sharing Information to the Local

⁨လင်းဇင်းတိုက်နယ်ရဲစခန်း ၃ ရက်ဆက်တိုက်ခိုက်ခံရ (ရုပ်/သံ)

စလင်း၊ မေ ၂၃၊ ၂၀၂၅။

မကွေးတိုင်း၊ စလင်းမြို့နယ်၊ လင်းဇင်းတိုက်နယ်ရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မေ ၂၁ ရက်နဲ့ ၂၂ ရက်တို့မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း ဆီက သိရပါတယ်။

မေ ၂၁ ရက် ညပိုင်း ၇ နာရီခွဲမှာ ဒရုန်းနဲ့ ၁.၅ ကီလိုဂရမ်ရှိ ဗုံးသီး ၄ လုံးကြဲချခဲ့ရာမှာ ရဲစခန်းထဲ ကျရောက်ပေါက်ကွဲပြီး ၄ ဦးထိခိုက်ဒဏ်ရာရခဲ့ကာ မေ ၂၂ ရက် နေ့လယ် ၁ နာရီခွဲလောက်မှာလည်း ၆၀ မမ လက်နက်ကြီးနဲ့ ၁၂ ချက်ထပ်မံပစ်ခတ်ခဲ့ပြီး ဒီတိုက်ခိုက်မှုအတွင်း ထိခိုက်မှုကို မသိရသေးဘူးလို့ ဆိုပါတယ်။

“လက်ရှိမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပိန္နဲပင်ရွာနဲ့ ငါးလင်ပန်းရွာတွေကို စစ်ကြောင်းမတရား ထိုးနေတာနဲ့ သူတို့လက်ရှိအထိုင်ချစခန်းတွေကို ကိုယ့်ဘက်က ပြန်တိုက်ခိုက်မှုမျိုးလုပ်တာပါ၊ မီတာ ၂၅၀ အကွာကနေ ပစ်ခတ်ခဲ့တာ” လို့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း တပ်ရင်းမှူး ဗိုလ်မိုးကြိုးက ပြောပါတယ်။

လင်းဇင်းတိုက်နယ်ရဲစခန်းမှာ ရဲတွေအပြင် ခလရ ၂၅၃၊ ခလရ ၂၅၄၊ ခလရ ၂၅၅ ကတပ်ဖွဲ့ဝင်တွေနဲ့ ဆင်လူးရွာ၊ ကျောင်းကုန်းကြီးရွာတို့က ပျူစောထီး စုစုပေါင်းအင်အား ၅၀ ရှိပြီး ရဲစခန်း၊ ဗိုလ်တဲကုန်းနဲ့ ဘုရားကုန်းတို့မှာ တပ်ဖြန့်နေကြတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း၊ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဒေါင်းညီနောင် ပြောက်ကျားတပ်ဖွဲတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ မေ ၂၃ ရက်မနက်ပိုင်းမှာလည်း အဆိုပါရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဒရုန်းနဲ့ထပ်မံ တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်မိုးကြိုးကပြောပါတယ်။

ရဲစခန်းမှာအထိုင်ချနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မေ ၂၁ ရက်မှာ ဂွေးကုန်းရွာက နေအိမ်တွေကို မီးရှို့ခဲ့တာကြောင့် နေအိမ် ၃၀ ကျော်မီးလောင်ပျက်စီးခဲ့သေးတယ်လို့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ JOKER က ပြောပါတယ်။

ဒါ့အပြင် စလင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီကစစ်ကြောင်းထိုးတဲ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်လက်လုပ်ဆောင်နေပြီး မေ ၂၁ နဲ့ ၂၂ မှာ ဂွေးကုန်းကျေးရွာနဲ့ ငါးသန်ခေါင်းကျေးရွာအနီးကို ဂျက်ဖိုက်တာနဲ့ ပေါင် ၂၀၀ ဗုံးသီးတွေနဲ့ကြဲချတိုက်ခိုက်ခဲ့ကာ ထိခိုက်မှုတော့မရှိခဲ့ဘူးလို့ သိရပါတယ်။

တည်းဖြတ် – HP

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။